Tuesday, November 23, 2010

အကယ်၍

အကယ်၍ မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်......

အကယ်၍ အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွတ်ရင်းနဲ့ မင်းကိုမင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်...

အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်.....

ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူးဆိုရင်....

ဒါမှမဟုတ် မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်.....

အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ် ဆိုရင်...ပြီးတော့ အတွေးအခေါ်စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်........

အကယ်၍ အောင်မြင်မှုသုခ နဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသော လောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင်...

အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ်ထောင်ခြောက်ဆင် ညစ်တဲ့အခါ မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်....

အကယ်၍ မင်းဘ၀ တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက် အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်........

အကယ်၍ မင်းနိုင်ခဲ့သမျှတွေအားလုံး ကြွေတလှည့် ကြက်တခုံပမာ တစ်လက်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် ပြီးတော့ အစကနေပြန်စနိုင်မယ် ဆိုရင် ပြီးတော့တစ်ခါ ဆိုးရွားတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညီးညူမနေဘူးဆိုရင်....

အကယ်၍ သူများတကာတွေ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်....အဲဒီလိုပဲ မင်းမှာစိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ လက်ဆုပ်လက်ကိုင်ထားနိုင်မယ်ဆိုရင်....

အကယ်၍ လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့် မာန်မာနသွေး မကြွဘူးဆိုရင်.....

အကယ်၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင်.....

အကယ်၍ လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့် စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်.....

အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်.....

ငါ့သားရေ...

မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကိုဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့...

အဲဒီတော့ မင်းဟာလည်း ယောကျာ်းကောင်းတစ်ယောက်ပဲပေါ့......

" ဒေါ်အောင်ဆန်းစုကြည် ၏ ဘာသာပြန်ကဗျာအား ကျွနုပ်ကြိုက်နှစ်သကဲ့သို့ သူငယ်ချင်းများအတွက် ခံစားစေရန် မျှဝေလိုက်ပါသည်။ "

ခင်မင်စွာဖြင့်...

နေကြာရိုး

မူရင်းကဗျာအားလည်း ဖော်ပြလိုက်ပါတယ်။

If

If you can keep your head when all about youAre losing theirs and blaming it on you;If you can trust yourself when all men doubt you,But make allowance for their doubting too:If you can wait and not be tired by waiting,Or, being lied about, don't deal in lies,Or being hated don't give way to hating,And yet don't look too good, nor talk too wise;

If you can dream---and not make dreams your master;If you can think---and not make thoughts your aim,If you can meet with Triumph and DisasterAnd treat those two impostors just the same:.If you can bear to hear the truth you've spokenTwisted by knaves to make a trap for fools,Or watch the things you gave your life to, broken,And stoop and build'em up with worn-out tools;

If you can make one heap of all your winningsAnd risk it on one turn of pitch-and-toss,And lose, and start again at your beginnings,And never breathe a word about your loss:If you can force your heart and nerve and sinewTo serve your turn long after they are gone,And so hold on when there is nothing in youExcept the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,Or walk with Kings---nor lose the common touch,If neither foes nor loving friends can hurt you,If all men count with you, but none too much:If you can fill the unforgiving minuteWith sixty seconds' worth of distance run,Yours is the Earth and everything that's in it,And---which is more---you'll be a Man, my son!

Rudyard Kipling

Thursday, November 11, 2010

အိပ်မက် ပေါ်က ရောင်စုံဆေးမင်စက်များ

ဒီနေ့က နိုဝင်ဘာလ ကိုးရက်နေ့

အိပ်ရေး တ၀နဲ့ လန်းဆန်းတက်ကြွတဲ့ လေထုထဲက လူတစ်ယောက်ရယ်။

ဖြူနီပြာဝါ ရောင်စုံကြိုက်တတ်တဲ့ မျက်လုံးတစ်စုံရယ်။ ကုန်းမြင့်မြင့်ပေါ်က ဝှေ့ရမ်းတိုက်လာတဲ့လေ ဒါမှမဟုတ် ပင်လယ်ပြင်ဆီက ရေလှိုင်းတွေနဲ့ အတူရောက်ရောက်လာတဲ့ လေ ကို နှစ်နှစ်ခြိုက်ခြီုက် ရှူချင်တဲ့ နှာခေါင်းတစ်စုံရယ် ...စိတ်ကူးတွေတစ်ပွေ့တစ်ပိုက်နဲ့ ရယ်နေတတ်တဲ့ လူတစ်ယောက်.....တစ်ခါတစ်ခါလည်း အရူးတစ်ယောက်လိုပဲ။

ဆေးမင်စက်တွေ ရောင်စုံပဲ။ ရောက်ရောက်လာတယ်။ သစ်ရွက်တွေလည်း စိမ်းလို့ လေယူရာကို ယိမ်းလို့။ မြက်ခင်းပြင်ကျယ်ကြီးမှာ ခုန်ပေါက်နေတဲ့ ခြေလှမ်းကျယ်ကြီးတွေနဲ့ စိတ်ထဲမှာတော့ လေနုအေးလေးတွေနဲ့ စကားတွေပြောလို့..

ထောင်ကျော်နေတဲ့ စာမျက်နှာတွေလှန်လှောကြည့်တော့ ပေါ်လာတာက အဲဒီလို ပြုံးတတ်တဲ့ အမူအရာတဲ့လား။

ရေချိုးပြီးစ အ၀တ်အစားသစ်တွေနဲ့ အနံ့အေးအေးရေမွေး ထုံထုံနဲ့ လန်းဆန်းတက်ကြွလို့နေတတ်တဲ့ လူတစ်ယောက် လှတပတ အိပ်မက်တွေလည်း မက်တတ်သေးရဲ့။

ဆံပင်လည်းရှည် ဖိနပ်လည်းပေါက် မုတ်ဆိတ်ရိတ်ဓါးလည်း ကုန် ။ အခန်းတွေလည်းဖုံတွေထူ မီးပူ မဖိတဲ့ ခပ်ကြေကြေ၀တ်တတ်တဲ့ အဲဒီလူ တမူတော့ ထူးခြားဘာများလည်းပေါ့....

ရောင်စုံဆေးမင်စက်တွေ ဒီနေ့တော့ သူအိပ်မက်ပေါ် ပျံ့ကျဲကုန်လေတော့ သူဘယ်လို အိပ်လို့ ရတော့မှာတဲ့တုန်း။

အိပ်မက်သာ စက္ကူထူထူဖြစ်ခဲ့ရင် ဒီနေ့ည ငါ့စက္ကူကို ငါ့နံရံမှာ ချိပ်ထားပြီး ငါတစ်ညလုံး ထိုင်ကြည့်နေချင်ပါရဲ့။

နေကြာရိုး


Wednesday, July 7, 2010

အညာရွာမှ အမေ့ဟင်းလျာများ(၂)

ယနေ့နံနက် နှစ်နာရီ သုံးဆယ်မိနစ် တွင် တောင်အာဖရိက နိုင်ငံ၌ ခြိမ့်ခြိမ့်သဲကျင်းပနေသော ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး၏ ဂျာမဏီ နှင့် စပိန်နိုင်ငံ ဆီမီးဖိုင်နယ် ပွဲဖြစ်သည်။ ထိုပွဲကို ရုပ်မြင်သံကြားမှ ကြည့်ဖို့ ဆုံးဖြတ်ထားသော ကျနော်တစ်ယောက် တစ်နာရီခန့်လိုသေးသည်မို့ ရသောအချိန်လေးတွင် ကွန်ပြူတာကို ခဏဖွင့်ပြီး အီးမေးစစ်နေမိသည်။ ကွန်ပြူတာကိုသုံးရင်း ကြည့်ရင်းဖြင့် အမေ့ဓါတ်ပုံတို့ကိုလည်း ကြည့်နေမိသည်။ “....အမေတို့ ကျန်းမာပါစေ..”

စိတ်ထဲတွင် တီးတိုးဆုတောင်းရင်း ငယ်ငယ်က အမေနှင့်ရှိနေခဲ့သောအချိန်များ၊ အမေချက်ကျွေးခဲ့သော ဟင်းလျာများကို လည်း သတိရနေမိသည်။ ညနက်လာပြီမို့ ဗိုက်ကလည်း တစ်ခုခုစားချင်လာသည်မို့ပင်။

ကျနော့်အသက် ၉ နှစ်ခန့်၊ တတိယတန်းကျောင်းသားအရွယ် အောက်တိုဘာ သီတင်းကျွတ်ကျောင်းပိတ်ရက်အချိန်ဖြစ်၏။ အညာဒေသ ကျနော်တို့ ရွာတွင် မြေပဲပေါ်ချိန်လည်းဖြစ်၏။ မနက်မိုးလင်းလုလု အချိန်တွင် အစ်ကိုအကြီးဆုံးနှင့်အတူ မြေပဲခင်း ရှိရာ တစ်မိုင်ခန့်ဝေးသည့် ယာတောသို့ နွားလှည်းပေါ်တွင် စီးလျက် အိပ်ငိုက်ရင်း လိုက်ပါလာသည်။ အဖေ၊ အစ်ကိုလတ်နှင့် မမတို့သည် နောက်မှ မြေပဲဆွတ်လူငှားတို့နှင့် ခြေလျင်လာခဲ့ကြ၏။ အိမ်တွင် အမေတစ်ယောက်တည်း ကျန်ခဲ့လေသည်။

ယာတောသို့ တစ်မိသားစုလုံးသွားကြရသည်မို့ နံနက်စာကို အမေအိမ်မှ ပြင်ဆင်နေရ၏။ ထမင်းကြော်ကို ဇလုံအကြီးကြီး တစ်ခုထဲသို့ ထည့်ပြီး ပန်းကန်ပြားဖြင့်ဖုံးကာ လုံချည်နှင့် ကျစ်နေအောင်ထုတ်ထား၏။ မြေပဲဆံကြော်၊ ငရုတ်သီးထောင်းနှင့် ပဲပုန်းရည်ချဉ်ဟင်းတို့ကိုမူ ဗူးကြီး၊ ဗူးငယ်များနှင့် ထည့်ပြီး ပြင်ထားနေတော့သည်။

နေ့လည်စာကို နံနက်ဆယ့်တစ်နာရီလောက် နားချိန်တွင် တစ်မိသားစုလုံးစားရန် ဆန်နို့ဆီဗူးခုနစ်လုံးခွဲကို ဒန်အိုးကြီးနှင့် ချက်ပြီး ကုလားပဲဟင်း၊ ငံပြာရည်ချက် နှင့် ၀က်သားသုံးထပ်သားအရည်ဆမ်းဟင်းတို့ကို ချိုင့်များနှင့် ထည့်နေလေသည်။

မနက်စာအတွက် ထုပ်ထားသော ထမင်းကြော်ထုပ်နှင့် ဟင်းများ၊ နေ့ခင်းစာအတွက် ထည့်ထားသော ဟင်းချိုင့်တို့နှင့် တစ်မိသားစုလုံးအတွက် နေ့ခင်းစာချက်ထားသော ဒန်အိုး ထမင်းအိုးကြီးတို့ကို လျော်နှီးတောင်းကြီးထဲတွင် ထည့်ပြီး ပုဆိုးကို ခွေပြီး ခေါင်းခုလုပ်ကာ တောင်းကြီးကို ရွက်လျက် နံနက် ရှစ်နာရီမထိုးမီရောက်ရန် ရွာနှင့် တစ်မိုင်ခန့်ဝေးသော ယာတောဆီသို့ အမေတစ်ယောက် အားကျိုးမာန်တက် လာနေလေသည်။

အမေ့တွင် အင်္ကျီ တစ်ရောင်တည်းသာ ရှိ၏။ အိမ်လက်ဖြစ် ချည်ပင်နီရင်ဖုံးအင်္ကျီဖြစ်၏။ အမေသည် အိမ်ယက်ကန်းစင်တွင် ကိုယ်တိုင်ယက်ပြီး ဆေးဆိုးချည်ထဘီကို တိုတိုဝတ်လေ့ရှိသည့် အညာဒေသ မြန်မာအမျိုးသမီး တစ်ဦးဖြစ်၏။ တစ်ရွာလုံးလိုလို ခေတ်မီမီ နေကြသော်လည်း အမေတစ်ယောက်တည်းသာ ပင်နီချည်ရင်ဖုံးအင်္ကျီ၊ လက်ဖြစ် ဆေးဆိုးထဘီနှင့်သာ ရှိနေခဲ့သာချည်းပင်။ နံဖူးမှ ဆံမြိတ်များ တိုးလိုးတန်းလန်း ကျလျက် သားသမီးများ၊ အဖေနှင့်အတူ နံနက်စာ၊ နေ့လည်စာတို့ကို အတူစားရန် အမေရောက်လာတော့သည်။ နံနက် အာရုံမတက်မီကတည်းက ချက်ပြုတ်နေရသော အမေတစ်ယောက် တစ်မိုင်ခန့်ဝေးသော တောလမ်းကို ထမင်းတောင်းကြီးနှင့် ဖြတ်လျောက်လာရသည်ကို စိတ်ထဲမထားဘဲ ယာတောအလယ် တပွတ်ပင်ကြီးအောက်၌ ထမင်းတောင်းကို ထားပြီး ပန်းကန်တို့၊ ဇွန်းတို့ ပြင်ပြီး အစ်ကိုကြီး၊ မမနှင့် အဖေတို့ကို ထမင်းအတူလွေးဖို့ အော်ခေါ်နေတော့သည်။

ကျနော်လည်း အငယ်ဆုံးမို့ အမေ့လာသည်နှင့် အမေ့နားကမခွါ စားဖို့သောက်ဖို့ပင် တကဲကဲဖြစ်နေသည်။ အဖေ၊အစ်ကိုတို့ နှင့် မမတို့လာမှ အတူစားဖို့ မှားကြားသည်ကို နားထောင်ရပြန်သည်။ စောစားချင်သည်ကို အောင့်အီးရသည်ကို ဒုက္ခထင်ခဲ့မိသည်။ အဖေ၊အစ်ကိုကြီး၊အစ်ကိုလတ်၊မမ၊အမေနှင့် ကျနော်တို့ ယာတောအလယ်မှ တပွတ်ပင်ကြီးအောက်တွင် ၀ိုင်းဖွဲ့ထိုင်ပြီး အမေပါလာသော တောင်းထဲမှ မနက်စာဖြစ်သည့် ထမင်းကြော်ကို တစ်ပန်းကန်စီ ထည့်ကာ ပဲပုန်းရည်ချဉ်ဟင်း၊ မြေပဲဆန်ကြော်နှင့် ငရုတ်သီးထောင်းတို့ကို အလယ်မှာထားလျက် ယာတောမှ မြေပဲဥပုံအခြေအနေ၊ နွားများစားဖို့ ပြင်ဆင်ဖို့ကိစ္စ၊ မြေပဲတောင့်များဆွတ်ရန်ခေါ်ထားသော လူငှားများကိစ္စတို့ကို ပြောရင်း စကားတပြောပြောနှင့် သူ့ပုံပေးလိုက် ကိုယ့်ပုံပေးလိုက် ပျော်ပျော်ပါးပါး မနက်စားစားခဲ့ကြသည်။ ထမင်းကို ဆံနွမ်းနည်းနည်းနှင့် မွှေးအောင်ကြော်ထား၏။ စားသောအချိန်တွင် အေးနေသော်လည်း ချဉ်ဟင်းကို ဆမ်းလိုက် ငရုတ်သီးထောင်းမြှုပ်စားလိုက်နှင့် အားရပါးရရှိလှသည်။

စားပြီး လက်ဆေးကြ၏။ နွားများကို အစာကျွေး ရေသွားတိုက်ကြရသည်။ မနက်စာစားပြီးသည်နှင့် အဖေနှင့် အစ်ကိုတို့ ထွန်များနှင့် အလုပ်ရှုပ်ကြပြန်တော့သည်။ မမသည် ညနေအတွက် နွားများစားရန် မြက်ရိတ်နေရ၏။ အမေလည်း လူငှားများနှင့် မြေပဲပင်များကို စုပုံခြင်း စသည့် ကိစ္စများနှင့် ရှုပ်နေ၏။ ကျနော်တစ်ယောက် အမေက တစ်ပြည်ခန့်ဆံ့မည့် နှီးတောင်းလေးတစ်လုံးပေးထား၏။ ယာတောတွင် မြေကြီးပေါ်တွင် ကျကျန်ခဲ့သည့် မြေပဲတောင့်များကို ကောက်ဖို့ပြောထား၏။ မြေပဲတောင့်များကို ကောက်ရသလောက်ကျနော့်အတွက် ဟုဆိုပြီး အပိုင်ပေးထား၏။ ရသမျှကို အမေ့ဆီပြန်ပေးပြီး ကျောင်းမုန့်ဖိုး ပိုရမည်ဖြစ်၏။ ကျောင်းမုန့်ဖိုးပိုရရန် စိတ်ထဲထားပြီး ထိုပြည်တောင်းသေးသေးလေးနှင့် အားရပါးရ မြေပဲတောင့်လိုက်ကောက်နေမိသည်။

နေ့လည် ဆယ့်နှစ်နာရီခန့်တွင် မိသားစုအားလုံး ယာလယ်မှ တပွတ်ပင်အောက်တွင် နေ့လည်ထမင်းအတွက် ၀ိုင်းကြပြန်သည်။ ထမင်းဒန်အိုးကြီးကို ထုတ်ပြီး ပန်းကန်များနှင့် မမနှင့် အမေက ပြင်ပေး၏။ ကုလားပဲဟင်း နှင့် ငရုတ်သီးငံပြာရည်ချက်ကို အလယ်တွင် ထားလိုက်ပြန်သည်။ ထို့နောက် ၀က်သားသုံးထပ်သား အရည်ဆမ်းဟင်းကို ချိုင့်ကြီးကြီးနှင့် ထည့်ပေးထားသည်။ နံနက်ဝေလုဝေလင်းတွင် ရွာတွင် ပေါ်သော ၀က်သားငါးဆယ်သားကို အိမ်သို့ စောစောစီးစီးလာရောင်းသောကြောင့် အမေ၀ယ်ပြီး ချက်ထားသည်ထင်၏။ ၀က်သားသုံးထပ်သားကို ရေနှင့် ငရုတ်သီးရှိတ်ရှိတ် ထည့်ချက်ထား၏။ သုံးထပ်သား ထိပ်မှ အသားတုံးကို ဖဲ့ပြီး အမေက ကျနော်ပန်းကန်ထဲသို့ အမြဲထည့်ပေး၏။ အမေက အဆီနှင့် အခေါက်ကို သာ စား၏။ ထိုစဉ်က ကျနော်သတိမထားမိခဲ့ချေ။ တစ်ယောက်ကို ၀က်သားသုံးတုံးခန့်သာ နေ့လည်စာအတွက် စားကြ၏။ ဗုံးဘောလဟော မစားကြရပေ။

စကားတပြောပြော စားကြနှင့် မောပန်းသည်ကို စိတ်တွင်မရှိ။ ချွေးတပြိုက်ပြိုက်နှင့် အားရပါးရလွေးလျက် မိသားစုတွေ နွေးထွေးခဲ့ကြသည်။

ညနေမိုးချုပ်ခါနီးတွင် အလုပ်သိမ်းကြ၏။ နွားများကိုလည်း ညနေစာအစာကျွေးရန်အတွက် အိမ်သို့အမြန်ပြန်ဖို့ ပြင်ကြ၏။ မြေပဲတောင့်များကိုလည်း နွားလှည်းပေါ်တွင် ရိုင်ပတ်ပြီး ထည့်ကြရ၏။ အမေတစ်ယောက် ညစာအတွက် ယာစည်းရိုးသို့ သွားပြီး ကင်းပုံရွက်များကို ခူးနေလေ၏။ ခူး၍ရခဲ့သော ကင်းပုံခါးသီး၊ နှင့် ကင်းပုံရွက်တို့ကို ပုဆိုးနှင့် ထုပ်လျက် အမြန်သုတ်သုတ် ပြေးလျက် နွားလှည်းပေါ်သို့ လာခဲ့တော့သည်။ အငယ်ဆုံး ကျနော်တစ်ယောက် အမေသွားရာနောက် တကောက်ကောက်သာ လိုက်နေမိတော့သည်။ နေလည်းဝင်ခါနီးဖြစ်လာသည်မို့ပင်။

နွားလှည်း တချွိမ်ချွိမ် နှင့် အိမ်သို့ ပြန်လာကြသည်။ အိမ်ရောက်ရောက်ချင်း အစ်ကိုတို့ မမနှင့် အဖေတို့ က နွားများကို အစာကျွေးဖို့ မြက်စင်းကြရ၏။ မြေပဲများကို လှည်းပေါ်မှ တလင်းပေါ်သို့ ချကြရ၏။ အမေတစ်ယောက် အိမ်ရောက်သည်နှင့် ထမင်းအိုးကို မြန်မြန်ဆေး ပြီး ထင်းမီး တမြိုင်မြိုင်နှင့် ထမင်းစချက်တော့သည်။ ထမင်းကျက်သည်နှင့် အဆင်သင့်ပါလာသော ကင်းပုံရွက် ကို အရည်သောက်ဟင်းချက်လေတော့သည်။ ဘက်ထရီမီးရောက်တမှိန်မှိန် နှင့် ကျနော်တစ်ယောက် ဘာလုပ်ရမှန်းမသိသောကြောင့် အမေရှိရာ မီးဖိုချောင်သို့သာ သွား၍နေတော့သည်။ နွားများလည်း အစာဝပြီး အိပ်ဖို့ နေရာချပေးပြီးသွားပြီ။ အမေလည်း ထမင်းဟင်းတို့ ကျက်ပြီးစဖြစ်သည်။ စားပွဲဝိုင်းခုံလေးကို မီးဖိုချောင်အပြင်ဘက်ထုတ်ပြီး အိမ်ရှေ့ အရပ်တဲ တလင်းပြင်တွင် ပူပူလောလောချက်ထားသော ထမင်း၊ ညနေကမှ ခူးထားသော ကင်းပုံရွက်ဟင်းချို နှင့် မနက်မှ အသားဟင်းအကျန်၊ ငံပြာရည်ချက်အကပ်တို့နှင့်အတူ စားပွဲဝိုင်းတွင် ဆောင့်ကြောင့်ထိုင်ပြီး ထမင်းကို လက်နှင့် အားရးပါးရ လွေးကြလေတော့သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အညာရွာမှ အမေတို့နှင့် မြိန်ရေယှက်ရေစားခဲ့သော အချိန်တို့ကိုလည်း သတိရနေမိသည်။ အဖေ၊အမေ၊ အစ်ကိုတို့ နှင့် မမတို့လည်း ကျနော်မပါသောထမင်းဝိုင်းကို ခါတိုင်းလို ပျော်ပျော်ပါးပါးစားနေနိုင်ဖို့ ဆန္ဒပြုနေမိသည်။ ..................

ယခု ကျနော်ရောက်ရှိရာနိုင်ငံတွင် နံနက် နှစ်နာရီ သုံးဆယ်ကိုးမိနစ်ဖြစ်နေပြီဖြစ်သည်။ တောင်အာဖရိကနိုင်ငံမှ ၂၀၁၀ ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်ပွဲဖြစ်သည့် ဂျာမဏီနှင့် စပိန်ပွဲကို အိမ်ရှေ့ဧည့်ခန်းတွင် သွား၍ကြည့်လိုက်အုံးမည်။

စာဖတ်မိတ်ဆွေသူငယ်ချင်းများကို အမြဲရိုသေလေးစား ခင်မင်လျက်...

နေကြာရိုး

Friday, May 14, 2010

နွေလယ် ပဲ့တင်သံ

အမိမြေရယ်....
ရှိရှိသမျှ မြင်မြင်သမျှတွေဟာ သားတို့အတွက် အသက်ရှူမေ့လောက်အောင်ကိုချစ်တယ်။
အမြဲစိမ်းတောတွေ၊ ခြောက်သွေ့တောတွေ၊ ရွက်ပြတ်တောတွေနဲ့ သူနေရာနဲ့သူအလှဆင်လို့။
ရောက်လေရာမှာ ကျောက်ခဲလေးတွေကအစ ချစ်တယ်။

သားတို့ကို နားလည်မှုတွေလည်းပေးပါရဲ့။ မိဘလိုလည်း ဖြည့်ဆည်းပေးနေရဲ့။ ကျောက်တွေ၊ ရွှေတွေ၊ ရေနံတွေ တစ်ပိုင်တစ်နိုင် လူမသိသူမသိတွေလည်း တိတ်တိတ်လေး ပေးနေရဲ့။ သားတို့တွေရဲ့ အမိပါပဲ။

သားသမီးတွေမပူအောင် သစ်ပင်တွေပေးတယ်။ စားစရာ အသီးအနှံတွေပေးတယ်။ သောက်စရာရေတွေပေးတယ်။ စီးပွားရေးအတွက် သဘာဝ သယံဇာတတွေ ကို လူမသိသူမသိတဲ့နေရာတွေမှာတောင် တိတ်တိတ်လေးပေးနေသေးတယ်။

သားတို့၊ သမီးတို့ ကတော့ အမေ့မြေပေါ်မှာပဲ မွေးပြီး အမေ့မြေပေါ်မှာပဲ နောက်ဆုံးထွက်သက်နဲ့ နေချင်သူတွေပါအမေ။ အမေလည်း သားတို့ကိုချစ်ရက်နဲ့ မျက်ရည်တသွင်သွင် စီးနေတာကို သားတို့သိပါတယ်။ အမေ့မျက်ရည်တွေနဲ့ သားတို့တွေ သွားလာနေကြတာပေါ့။ စိုက်ပျိုးနေကြတာပေါ့။

အမေ့ကိုလည်း အမေမပိုင်ရှာဘူး။ အမေ့ကို ထုထောင်း၊ ရောင်းချနေသူတွေနဲ့ နိုင်ထက်စီးနင်းလုပ်နေတဲ့ အမေ့မြေပေါ်က အမေ့သားသမီးတွေကြောင့်လည်း အမေ့မှာ ကံကြမ္မာကို ရင်ဆီးခံနေရရဲ့။ အမေ့မိတ်ဆွေတွေက အမေ့ကို မခင်ကြတော့ဘူလားအမေ။ အမေ့မြေပေါ်က သားတို့သမီးတို့ကို မုန်းနေလို့လားအမေ.....
ရွာသွန်းမြဲ ဦးကောင်းကင်ကြီးကလည်း မာနတွေပြလို့။
ဝမ်းပန်းတသာ ကြည်လင်ပြပြီး အပူရှိန်ကို သွန်ချပေးနေရဲ့။ မိုးရေတွေလည်း အမေ့မှာ စိုစွတ်ခွင့် နည်းတော့မှာလားအမေ.... အမေ့မျက်ရည်တွေနဲ့ သားတို့အေးနေပေမဲ့ အမေထကြည့်လို့မရတဲ့ လေထုကြီးက ပူလောင်လွန်းတယ်အမေ...

သြကာသ လောကကြီးအလယ်က ဖောက်လွဲဖောက်ပြန် ဒဏ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အမိမြေရယ်.....သားသမီးတွေနဲ့ မြူထူးပျော်ရွှင်နေသင့်တဲ့အမိမြေရယ်..... အခုတော့ စံချိန်တင် အပူချိန်တွေနဲ့ သားတို့သမီးတို့လည်း နေပေါက်မှား ပြေးပေါက်မှား.. ချစ်ရတဲ့ အမေ့ရင်ခွင်မှာတော့ ချွေးတရွှဲရွှဲနဲ့ ..... မျက်ရည်ရွဲပြချင်မိတယ်။..........


ချစ်သောအမိမြေသို
နေကြာရိုး

Wednesday, May 12, 2010

တက္ကသိုလ်ပထမနှစ် ( သူငယ်ချင်းများမရသေးခင် )

တက္ကသိုလ်တက်ရန်အတွက် ရန်ကုန်မြို့သို့ သံသေတ္တာကြီးတစ်လုံးသယ်လာခဲ့သည်။ သံချေးမတက်စေရန် ရွာမှ အစ်ကိုအကြီးဆုံးက သဘောင်္ဆေး အစိမ်းရင့်ရောင်ကို အတွင်းရော၊ အပြင်ပါ သုပ်ပေးထား၏။ အပေါ်အဖုံးပေါ်တွင် ကျွန်တော်နံမည်ကို အနက်ရောင်စာလုံးကြီးများဖြင့်လည်း ရေးပေးထား၏။ ကျွန်တော့်ကို ရန်ကုန်သို့ လိုက်ပို့ပေးသော အဖေလည်း ရွာသို့ ပြန်တော့မည်ဖြစ်သည်။

ဆယ်ပေပတ်လည် အခန်းလေးထဲတွင် ရခါစ အစ်ကိုလတ်တို့ ဇနီးမောင်နှံနှင့်အတူ နေကြာရိုးတစ်ယောက်ကျန်ခဲ့တော့မည်ဖြစ်၏။
ကျန်ခဲ့တော့မည်မို့စိတ်ထဲတွင်တော့ မကောင်းလှ။ အဖေ့ကိုတော့ စိတ်ချဖို့ စာတွေကြိုးစာမည့်အကြောင်း ရွာကိုလည်း မြိုင်ကနေတစ်ဆင့် ဖုံးချိန်းပြီး ပြောမည့်အကြောင်း ပြောပြလိုက်၏။

အဖေရွာသို့ ပြန်သွားပြီးသည့်နောက်ရက်များတွင် အိမ်ကိုလွမ်းတိုင်း ရွာမှ ပါလာသော သံသေတ္တာကြီးကို ခဏခဏဖွင့်ကြည့်မိသည်။ တက္ကသိုလ်တက်လျှင်ဝတ်ရန်ဆိုပြီး အမေထည့်ပေးလိုက်သော ချုပ်ပြီးသား စီလွန်လက်ရှည်အင်္ကျီနှစ်ထည်၊ အဋ္ဌမတန်း ကျောင်းသားဘ၀ကအမေချုပ်ပေးသော တက်ထရွန်အကွက်လက်တိုအင်္ကျီတစ်ထည်၊ အစ်ကိုမင်္ဂလာဆောင်တုန်း ၀ယ်ချုပ်ထားသည့် အင်္ကျီလက်တိုတစ်ထည်၊ န၀မတန်းကျောင်းသားဘ၀တုန်းက သူငယ်ချင်းများနှင့်ဆင်တူချုပ်ထားသော ဒွေးကွက်ဆိုသည့် အကွက်အင်္ကျီတစ်ထည် နှင့် စီလွန်ပုဆိုးသုံးထည်၊ ရွာအလယ်တန်းကျောင်းမှ ကျောင်းသားများ ကန်တော့လိုက်ကြသော ချည်ချောပုဆိုးတစ်ထည် ကို သေတ္တာလေးထဲတွင် ကြည့်ပြီး နောက်နေ့ ကျောင်းသွားတက်ရမည်ကို တွေးရင်း စိတ်လှုပ်ရှားနေမိသည်။ ။

သံသေတ္တာထဲ၌ ရေးလက်စ ဒိုင်ယာရီစာအုပ်လေးနှင့် စုထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် တစ်ဆယ်တန်၊ ငါးကျပ်တန်၊ တစ်ကျပ်တန် စက္ကူလေးများနှင့် အင်္ဂလိပ်သဒ္ဒါစာအုပ်လေးနှစ်အုပ်လည်းရှိ၏။ ကွန်ပါဗူးလေးတစ်ဗူးလည်း သေတ္တာတစ်နေရာတွင် စာအုပ်လေးများနှင့်အတူ စီစီရီရီရှိနေ၏။

နောက်နေ့တွင် တက္ကသိုလ်တက်ရမည်ဆိုသည့်စိတ်ဖြင့် ဗလာစာအုပ်များ၊ ကို သေချာစွာ နာမည်ရေးပြီး စိုင်းပြင်းနေမိ၏။ အမည်သည် ထိုစဉ်က ဆေးဘက်ပညာသည်တက္ကသိုလ်ဖြစ်၏။ ဆေးဝါးကျွမ်းကျင်တက္ကသိုလ်နှင့် အတူတူ။ တစ်ချို့စာသင်ချိန်များကို ကပ်လျက်ဖြစ်သော လိပ်ခုံးဟု ခေါ်ဆိုသည့် ဆေးတက္ကသိုလ်(၁) တွင် သွားပြီး သင်ကြရ၏။ လက်တွေ့သင်ခန်းစာများကို ဆေးတက္ကသိုလ်(၁)တွင် သွား၍ သင်ယူကြရသည်။ စာသင်ပေးသော ဆရာ၊ဆရာမများမှာဆေးတက္ကသိုလ်(၁)မှ ချည်းဖြစ်၏။ သို့သော် ခြံဝန်းကျဉ်းလှသော်လည်း မိမိတက္ကသိုလ်၏ မြေတိုက်အဆောက်အဦးနိမ့်လေးများတွင်သာ ပျော်မိသည်။ ကပ်လျက်ဖြစ်သော ခမ်းနားလှပသည့် ဆေးတက္ကသိုလ်တွင် သွားရတိုင်း စိတ်ထဲတွင် အလွန်ကျဉ်းကြပ်နေမိသည်။

ကျောင်းတက်ရင်း ထမင်းဗူးထည့်ရန် သုံးဆင့်ဂျိုင့် အလတ်တစ်လုံး အစ်ကိုလတ်ဝယ်ပေး၏။ စိတ်ထဲတွင်တော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုသို့ တက်ရမည်မို့ စိတ်ဝင်စားပျော်နေသော်လည်း အသားမည်းမည်း၊ အသံကျယ်ကျယ်ဖြင့် မ၀တ်တတ်၊ မစားတတ် နှင့် နေကြာရိုးအဖို့ အလွန်ကြောက်ရွံ့နေမိ၏။

မြောက်ဒဂုံမှ ဆယ့်နှစ်လုံးတန်းထိ ဘီအမ် နံပါတ် (၃၆)ဖြင့်တစ်ဆင့်၊ ဆယ့်နှစ်လုံးတန်းမှ ရန်ကုန်တက္ကသိုလ် ကျောင်းရှေ့မှတ်တိုင်ထိ (၄၂) ဟိုင်းလတ်စ်လေးဖြင့်တစ်ဆင့် ကားခ အသွားဆယ့်ငါးကျပ်၊ အပြန်ဆယ့်ငါးကျပ်ဖြစ်၏။ တစ်နေ့တစ်နေ့အင်္ကျီဘေးအိတ်ထဲ၌ ၅၀ သာထည့်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်အနီး ကျောင်းရှေ့မှတ်တိုင်၌ ဆင်းပြီးလျင် တက္ကသိုလ်ရိပ်သာလမ်းကိုကူးရသေးသည်။ နောက် သထုံလမ်းသို့ လမ်းလျှောက်ပြီး ကျောင်းသို့ သွားရ၏။ တစ်ချို့နေများတွင် ဆင်းရမည့်နေရာကို သေချာမသိသေးသောကြောင့် လှည်းတန်းဈေးရှေ့ထိပါသွားပြီး တက္ကသိုလ်ရိပ်သာလမ်းအတိုင်းပြန်လျှောက်ရပြန်သည်။ သမိုင်းသို့၊ မြို့ထဲသို့ ရှစ်မိုင်သို့ ၊ တက္ကသိုလ်ရိပ်သာလမ်းသို့၊ လှည်းတန်းဆေးဘက်သို့ ဆိုသည့် ထိုလမ်းများဆုံရာ လှည်းတန်း မီးပွိုင့် ကူးရမည်ကို အသက်ရှူမေ့မတတ်လည်း ကြောက်မိ၏။

သားရေဖိနပ်ကိုစီးလျက် စီလွန်ချည် လက်ရှည်အင်္ကျီအကွက်နှင့် ပုဆိုးကို ခြေသလုံးအလယ်လောက်ထိ ၀တ်ထား၏။ သိုးမွှေးလွယ်အိတ်ကို ဘေးမှာလွယ်လျက် ထမင်းချိုင့်ကို လက်မှာဆွဲလျက် ရှေ့နီးနီးကိုသာ ငုံ့ကြည့်ပြီး လမ်းတည့်တည့်ကိုသာ ခြေလှမ်းကျယ်ကျယ်ဖြင့် နေ့တိုင်းလိုလိုသွားနေသည်က နေကြာရိုး အမည်ရှိကျွန်တော်။

ကျောင်းဝန်းသည် နယ်မှ အထက်တန်းကျောင်းမျှ မကျယ်လှ။ အဆောက်အဦးများမှာလည်း နယ်တွင် ဆယ်တန်းထိတက်ခဲ့သော အထက်တန်းကျောင်းရှိ အဆောက်အဦးများလောက် မမြင့်လှပေ။ မြေတိုက် စာသင်ဆောင်များတွင် ခုံတန်းရှည်ကြီး သုံးတန်းစီဖြင့် ဆေးဘက်ပညာသည်တက္ကသိုလ်ကျောင်းသားများ နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်ကျောင်းသားတို့ ပထမနှစ်တွင် အတူတစ်ခန်းတည်း စာသင်ကြရသည်။ မိန်းကလေးများသောကြောင့် လေဒီ အင်စတီကျု ဟု သူများတွေပြောသံကိုလည်း ကြားရ၏။

တွေ့မြင်သမျှ မိန်းကလေးလိုလိုသည်လည်း ရုပ်ရှင်ထဲတွင်မြင်ဖူးသော သူများကဲ့သို့ပင်။ တောမှ ဆယ်တန်းအောင်လာသည်ကလည်းကောင်း၊ ခေတ်ရေစီးကျောင်းနှင့်အတော်ဝေးကွာလှသော ဧရာအနောက်ခြမ်း တောကျလှသောဒေသမှ လာခဲ့ရသောကြောင့်တစ်ကြောင်း အတန်းတူ သူငယ်ချင်းများကို ကြည့်ပြီး နှုတ်ဆက်ဖို့ပင် မ၀ံ့မရဲခဲ့ဖြစ်နေ၏။

နေကြာရိုး တို၏ ပထမနှစ်တွင် မိန်းကလေးနှစ်ရာနီးပါးရှိမည်ထင်၏။ ကျောင်းသားဦးရေမှာ ဆေးဘက်နှင့်ဆေးဝါးပေါင်းမှ ဆယ့်ငါးယောက်သာရှိ၏။ တောင်ကြီးမှ နှစ်ယောက်၊ အင်းလေးမှ တစ်ယောက်၊ သူတို့ကတော့ ၀တ်စားအနေအထိုင် ခေတ်အတော်မှီကြ၏။ ဇီးကုန်းမှ နှစ်ယောက်၊ မင်းလှမှ တစ်ယောက်၊ မြန်အောင်မှ တစ်ယောက်၊ ဖျာပုံမှတစ်ယောက်၊ မုဒုံမှ နှစ်ယောက်၊ ထားဝယ်မှ တစ်ယောက်၊ ဘားအံမှတစ်ယောက်၊ စလင်းမှတစ်ယောက်၊ မြိုင်မှ ကျွန်တော် နှင့် ရန်ကုန်မှ တစ်ယောက်ဖြစ်သည်။

ယောက်ျားလေးအများစုမှာ ရှပ်အင်္ကျီ၊ ပုဆိုးနှင့် သိုးမွှေးလွယ်အိတ်၊ ကချင်လွယ်အိတ်များနှင့် ကျောင်းလာကြ၏။ မိန်းကလေးအများစုမှာလည်း ထဘီကိုပင်ဝတ်ကြ၏။ သို့သော် ဒီဇိုင်းလှလှ အင်္ကျီများဖြင့် ရိုးရိုးယဉ်ယဉ်လေးများ ဖြစ်ကြလေသည်။ စကပ်တို၊ ဘောင်ဘီရှည်ဝတ်သူ မရှိလှ။ အားလုံးမှာ သပ်သပ်ရပ်ရပ်ဖြင့် ခေတ်ဆန်ဆန်လေးများ ဖြစ်ကြ၏။ ချည်ထဘီနှင့် ရင်ဖုံးအင်္ကျီဝတ်ဆင်သည်ကို မြင်လာခဲ့သော နေကြာရိုးတစ်ယောက် ရုပ်ရှင်ဇတ်လမ်းများထဲမှ တောသားမြို့တက်ပြီး ကျောင်းတက်သော ဇာတ်လမ်းများကိုလည်း မြင်ယောင်နေမိ၏။

ကိုယ့်ကိုယ်လည်း ကြည့်ပြီး ရယ်ချင်နေမိ၏။ တစ်ချို့နေ့များတွင် အင်္ကျီပြာ၊ ပုဆိုးပြာနှင့် တစ်ချို့နေ့များတွင် ပုဆိုးပြာ အင်္ကျီစိမ်းနှင့် ရှိသောလေးငါးထည်ကိုသာ လှည့်ပတ်နေသည်မို့ တစ်ခါတစ်ခါ မောင်ရင်လာ မဲပြာပုဆိုးဖြစ်ရသည်ချည်း။ မြောက်ဒဂုံမှ အစ်ကိုလတ်တို့နှင့်နေရသည့် ဆယ်ပေပတ်လည်အခန်းလေးတွင်လည်း လျှပ်စစ်မီး တစ်စုံတစ်ရာမရှိ။ ကြေးမီးပူကြီးနှင့် မရီး ထမင်းချက်အပြီး ကျန်သော မီးသွေးကို ၀ီရိယထားပြီး အမှီယူရသေးသည်။ တစ်နေ့တစ်နေ့ ၀တ်ရမည့်အ၀တ်အစားကို တကုတက မီးပူတိုက်ရသေး၏။

ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဓါတုဗေဒ၊ မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာတို့ကို ဆေးဘက်နှင့် ဆေးဝါး အတူသင်ကြရသည်။ရူပဗေဒ၊ နှင့် သင်္ချာအချိန်တို့တွင်သာ ဆေးဘက်မှ ယောက်ျားလေးဆယ့်တစ် ယောက်နှင့် မိန်းကလေးငါးဆယ်ငါးယောက်ခန့်သာ ကျန်တော့၏။ တစ်ချိန်နှင့်တစ်ချိန်ပြီးလျှင် အများစုမှာ အနီးအနားကန်တီးန်သို့ သွားကြ၏။ စားစရာများကြွပ်ကြွပ်အိပ်လေးများနှင့်ဝယ်လာကြလျက် ငါးယောက်တစ်အုပ်စု၊ လေးယောက်တစ်အုပ်စု၊ နှစ်ယောက်တွဲ စသည်ဖြင့် အဖွဲ့လိုက် လွယ်အိတ်လေးများနှင့် သထုံလမ်း ဘီအိုစီကောလိပ်ဟောင်းဖြစ်သည့် ဆေးဘက်ပည်ာသည်နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်လေးတွင် လူတရုန်းရုန်းဖြင့် စီကားနေလေ၏။ သထုံလမ်းပေါ်ရှိ ခရေတန်းများနှင့် ပိတောက်ပင်အိုကြီးများမှာ မျက်နှာစိမ်းဖြင့်ရောက်လာသော ကျောင်းသား၊ကျောင်းသူ တို့ကို ရင်းနှီးစွာ ကြိုဆိုနေသယောင်ယောင်။

ထိုစဉ်က အအေးတစ်ခွက် ငါးဆယ်ဖြစ်၏။ လက်ဘက်ရည်တစ်ခွက် သုံးဆယ်ဖြစ်၏။ တစ်လကို ငါးထောင်မှ တစ်သောင်းကို ရွာမှ ကဗြစ်ကညစ် ပို့ပေးနေရသည်မို့ တစ်နေ့ကို အသွားအပြန်ကားခ သုံးဆယ်သာ သုံးဖြစ်တော့သည်။

သူငယ်ချင်းတစ်စုံတစ်ယောက်မျှမရှိသေးသော နေကြာရိုးတစ်ယောက် ပါလာသော ထမင်းသုံးဆင့်ချိုင့်မှ မနက်စာသင်ချိန်တစ်ချိန်ပြီးလျှင် ပထမ ထမင်းတစ်ဆင့်နှင့် ဟင်းတစ်ဆင့်မှ တစ်ဝက်နှင့်မနက်စာတီးလိုက်၏။ နေ့လည်ဆယ့်တစ်နာရီခွဲနောက်ပိုင်းတွင်မှ ကျန်သော ထမင်းတစ်ချိုင့်နှင့် ကျန်သောဟင်းကျန်ဖြင့် တီးလိုက်ပြန်၏။ ပြီးလျှင် ဆိတ်ငြိမ်မည့် ကျောင်းဆောင်များကြားမှ အပင်တစ်ပင်အောက်သွားပြီး ဆရာမပေးလိုက်သော ဟန်းနုတ်စ်ကို ယူကာ သွားဖတ်ရင်း အမေတို့အဖေတို့နှင့် နယ်ကိုပင် စိတ်ကရောက်နေ၏။

အဆောင်များအကြား ဒညင်းပင်အောက်မှ ရေတွင်းဟောင်းကြီးဘေးတွင် ခုံပုလေးတစ်ခုရှိ၏။ ထိုခုံပုလေးတွင် နားချိန်တိုင်း စာလာကြည့်သော ကျွန်တော့်အား တစ်ချို့သူများက လမ်းဖြတ်ရင်း နေကြာရိုးအားကြည့်ပြီး တီးတိုးပြောပြော သွားကြသေး၏။

ရန်ကုန်မြို့ကြီးတွင် တက္ကသိုလ်လာတက်သော ကျွန်တော့်အဖို့ ခေတ်လည်းမမှီ၊ သူငယ်ချင်းလည်းမရှိ၊ အရာအားလုံးသည်လည်း စိမ်းနေသည်မို့ အသားမည်းမည်း၊ ပုဆိုးတိုတိုဝတ်တတ်သည့် နေကြာရိုးတစ်ယောက် ဆရာမစာသင်အပြီး တစ်ချို့နေ့များတွင် အပြင်မသွားဘဲ ခုံပေါ်တွင် လက်တင်ခေါင်းမှောက်ပြီး နောက်ဆရာမလာခင်ထိ စောင့်အိပ်ဖြစ်ခဲ့သည်ချည်း။

သူငယ်ချင်းများဖြစ်ပြီးကြသော တစ်ချို့အုပ်စုများကဖြင့် စကားဖောင်ဖွဲ့နေကြသည်။ အပြန်တွင် အဆောင်အတူနေသူငယ်ချင်းများ၊ အစတည်းက ခင်ပြီး သူငယ်ချင်းများက စုစုရုံးရုံး ပြန်ကြသည်။ သူငယ်ချင်း တစ်စုံတရာ မရှိသေးသော နေကြာရိုးအဖို့ တစ်ယောက်တည်း စိုက်စိုက်စိုက်စိုက် ဖြင့် ပြန်ရသည်ချည်းပင်။ လွှမ်းမိုးသီချင်းထဲ၌ပါသော ရန်ကုန်တက္ကသိုလ်ကြီး ၏ အဓိပတိလမ်းမကြီးကို လျှောက်ကြည့်ရင်း သစ်ပုပ်ပင်ကြီး ရှိရာဆီသို့ သွားသည့်နေများလည်းရှိခဲ့လေသည်။ သစ်ပုပ်ပင်ကြီးနှင့် လည်းဓါတ်ပုံရိုက်လိုက်သေးသည်။ ကံ့ကော်ပင်အောက်က ခုံပေါ်လည်း ထိုင်ကြည့်လိုက်သေးသည်။ စကားပြောဖို့ သူငယ်ချင်းမရှိသေးသော်လည်း အတိတ်သမိုင်းများထဲမှ ကြားသိဖူးထားသော ရန်ကုန်တက္ကသိုလ် နယ်မြေထဲမှ နေရာများကို သွားကြည့်ရင်း အတိတ်သမိုင်းများကို မြင်ယောင်ရင်း အဓိပတိလမ်းမကြီးကို ပထမဆုံးရောက်ရင်းလျှောက်ရင်းဖြင့်..........


ဆက်ပါအုံးမည်....
စာလာဖတ်ကြသော သူငယ်ချင်းများကို အစဉ်ခင်မင်လေးစားလျက်
နေကြာရိုး

Saturday, May 8, 2010

ဟီးဟီး.....

“ဟီးဟီး ”ရယ်လိုက်မိသည်။ စိတ်ထဲ၌ ရယ်ချလိုက်မိသည်။
၂၀၁၀ မေ ၇ ရက်နေ့ အလုပ်ထဲတွင် အားလုံးအစည်းအဝေးရှိသောကြောင့် လုပ်လက်စ အလုပ်ကို ခပ်သုတ်သုတ် ပြီးအောင်လုပ်ပြီး လက်မှ ရာဘာ လက်အိတ်တစ်စုံကို အမြန်ချွတ်လိုက်၏။ အစည်းအဝေးခန်းမကြီးမှာ ပရိုဂျက်တာနှင့် အပြည့်အစုံရှိသော်ငြား နေကြာရိုးအပါအ၀င် ရောဂါရှာဖွေစိစစ်ရေးဝန်ထမ်းများအားလုံး အဖြူရောင်ဝတ်ရုံရှည်ကြီးများ( ဂျူတီကုတ်) ၀တ်ဆင်ထားကြလျက် တက်တက်ကြွကြွ ရှိနေကြသည်။

အစည်းအဝေးကို အုပ်ချုပ်ရေးဒါရိုက်တာဖြစ်သော ဒေါက်တာမား မှ စပြီး လပတ်အစည်းအဝေးပွဲကို စကားချီးပြော၏။ အလုပ်ကိစ္စတို့ကို ဆက်ပြီး ပြောကြ၏။ သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် အားလုံး ဂျူတီကုတ်ရှည်များ ၀တ်ဆင်ထားလျက် ၊ အားလုံးမတ်တပ်ရပ်နေပြီး အစည်းအဝေးကို တက်တက်ကြွကြွ ကျင်းပနေသောကြောင့်ပင်။ အားလုံးဝိုင်းဖွဲ့ပြီး ခန်းမကျယ်ကြီး တစ်ခုလုံးပြည့်နှက်နေ၏။ မေးခွန်းများမေးလိုက် ပြန်ပြီး ရှင်းပြလိုက်ဖြင့် အားရပါးရ ရှိလှသည်။

ဒါရိုက်တာကြီးပြီးသည့်နောက် မန်နေဂျာဖြစ်သော ပြင်သစ်လူမျိုး မစ်စ် မာရီလိုင်း ပြော၏။ အဓိကအကြောင်းရင်းမှာ မကြာသေးမီမှ အမေရိကန်မှ လာရောက်စစ်ဆေးသည့် ရောဂါရှာဖွေစိစစ်ရေး ကမ္ဘာ့အသိအမှတ်ပြု လိုင်စင်ကို ၀န်ထမ်းများအားလုံးမှ အောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့သောကြောင့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်ကို အလုပ်မှ စီစဉ်ပေးမည့်အကြောင်းဖြစ်၏။

မေလနောက်ဆုံးအပါတ်တွင် စကာင်္ပူ တရိစ္ဆာန်ဥယျာဉ်သို့ ညဘက်သွားကြမည့် အစီအစဉ်ဖြစ်၏။ တရိစ္တာန်များ၏ ကပြဖျော်ဖြေမှုများ ကြည့်ရှူရင်းနှင့် ညစာအစားအသောက်များဖြင့် သွားရောက်ဆင်နွဲရမည့်အကြောင်းများ၊ ကြိုပို့အစီအစဉ်များကို တစ်ယောက်ပြီး တစ်ယောက် မန်နေဂျာနှင့် ပြောကြ၏။

ရယ်လိုက်မောလိုက် ပျော်စရာကောင်းသော အစည်းအဝေးပါပေ။
နောက်ဆုံးမေးခွန်းများနှင့် အစီအစဉ်များကို စင်္ကာပူ လူမျိုးဝန်ထမ်းများမှ မေးနေကြ၏။ “ ညဘက်ကို သွားရမှာဆိုတော့ ဂျင်းဘောင်းဘီတိုဝတ်တဲ့သူတွေနဲ့ အင်္ကျီလက်တို ၀တ်တဲ့သူတွေ ခြင်ကိုက်မှာတော့ စိုးရတယ်။ ခြင်မကိုက်အောင် လိမ်းဆေးတစ်ခုခု ၀ယ်ဖို့လိုလိမ့်မယ်။ ” ဟု ပြောဆိုသည်ကို မန်နေဂျာမှ “ အင်း ဟုတ်သားပဲ နောက်နေ့ဆို မန်နေဂျာလည်း ခြင်ကိုက်လို့ အလုပ်မလာနိုင်ဆိုပြီး ခွင့်ယူမယ်.. ဟဲ ဟဲ...” ဆိုပြီး ရယ်စရာပြော လိုက်သေးသည်။
ထို့နောက်တွင်မှ အမေရိကန်လူမျိုး မစ်စ် ရန်ရှား မှ “ စပရေးလည်း သုံးရင် မဆိုးဘူး။ လိမ်းဆေးလိမ်းတာပဲဖြစ်ဖြစ် ၊ စပရေးဗူးပဲ ဖြစ်ဖြစ် ရပါတယ်။” ဟူ၍ ပြောဆိုကြသည်ကို အစည်းအဝေးထဲမှ ကျွန်တော်တစ်ယောက်လည်း နားပဲ ထောင်နေလိုက်သည်။

နားထောင်ရင်း ပြန်စဉ်းစားမိသည်။ “ ငါတို့များ မြန်မာပြည်မှာ နေလာလိုက်တာ မျက်နှာသစ်ရင်တောင် ဆောင့်ကြောင့်ထိုင်ရင်း ထူတဲ့ပုဆိုးကိုတောင် ပေါက်အောင်ကိုက်နိုင်တဲ့ ခြင်ကြားတွေနဲ့ နေလာခဲ့တာ။ ညဘက်ခြင်ထောင်က များ လွတ်လိုက်တဲ့နေ့ဆိုရင် တံတောင်ဆစ်တွေ၊ ခြေဖမိုးတွေ ဆို ပန်းရောင်ရင့်ရင့် အဖုတွေ ပြွှတ်လို့ သိပ်လို့။ ဒါလည်း အေးဆေးပဲ နေလာခဲ့တာ။ ခြင်ကိုက်ခံလိုက်ရတယ်ဆိုတဲ့အကြောင်း မပြောမိခဲ့ပါဘူး။ ဒါပေမယ့် ငါတို့မြန်မာပြည်မှာက ဂျမ်ဘို တို့ ဂေါ်ဇီလာတို့ရှိတာကိုး ဟဲဟဲ။ အခု သွားမယ့် စကာင်္ပူ တရိစ္ဆာန် ဥယျာဉ်က ဂေါ်ဇီလာတို့ ၊ ဂျမ်ဘိုတို့ ရှိချင်မှရှိမှာကိုး။ ဟီးဟီး... ” တစ်ယောက်တည်း ပြုံးပြီး သဘောကျလျက် စိတ်ထဲတွင် ရယ်နေမိသည်။

ဘာမေးစရာတွေရှိကြသေးလဲ။ “ နိုး ကွက်စ်ချင်န်” ဆိုပြီး အစည်းအဝေးပွဲပြီးသွားကာ မိမိတို့ အလုပ်လုပ်ကြသည့် နေရာကိုယ်စီသို့ ပြန်ကြ၏။ မိမိအလုပ်လုပ်ရာ ဓါတုဗေဒ ဖြင့် ရောဂါရှာဖွေသောဌာနသို့ ပြန်ရောက်ပြီး အလုပ်လုပ်နေကြရင်း ယင်ကောင်တစ်ကောင် ရောက်လာသဖြင့် သူတို့ အထိတ်တလန့်ဖြစ်သည်ကို မြင်ရပြန်၏။ “ စိတ်ကို ကလိကလိဖြစ်တယ်။ ဘုရား ဘုရား.. ယင်ကောင်ပဲ၊၊ ” ဟုဆိုကာ ဘယ်မှာ နေရမှန်းမသိ ဖြစ်နေသော ကျွန်တော်၏ လုပ်ဖော်ကိုင်ဘက်သူငယ်ချင်း စကာင်္ပူလူမျိုးများ ငြီးတွားနေကြလေ၏။

မြန်မာပြည်မှ လာသော ကျွန်တော့်အဖို့ ယင်ကောင်ဆိုသည်မှာ ကြောက်စရာသတ္တ၀ါတစ်ကောင်မဟုတ်တော့။ စားရင်းသောက်ရင်း သုံးလေးကောင်လာရင်တောင် ယပ်တောင်လေးတစ်ချောင်းနှင့် တစ်ချက်နှစ်ချက်ခြောက်လိုက်ပြီး လျှင် စိတ်ထဲတွင် ယင်ကောင်ဆိုသည်ကို မေ့သွားခဲ့သည်ချည်း။

ဧည့်သည်ကို စားရင်း ယပ်တောင်တစ်ချောင်းနှင့် ယင်ကောင်ခြောက်ပေးရသည်ကို ရိုးရာဓလေ့တစ်ခုလို မြန်မာပြည်မှာ နေလာခဲ့ရသည်မို့ စိတ်ထဲ၌တော့ “ဟီးဟီး....” ဟူ၌သာ ရယ်လိုက်မိတော့သည်။


ခြင်ကြောင့်ဖြစ်သော ရောဂါများ၊ ယင်ကောင်ကြောင့်ဖြစ်သော ရောဂါများကို သိထားကြသောကြောင့် လုံးဝ ခြင်ကိုက်မခံရဖူးသူများ၊ ယင်နားသည့်အရာများနှင့် မထိတွေ့မကိုင်ဖူးသော သူများအားလုံး ကြောက်ကြသည်မှာ မှားသည်ဟု မဆိုနိုင်ပါ။ သို့သော်.မြန်မာပြည်မှ လာသော နေကြာရိုးအဖို့ ရိုးနေသောကြောင့် “ ဟီး .. ဟီး..” ရယ်နိုင်နေခြင်းသာ........


စာဖတ်မိတ်ဆွေ၊ သူငယ်ချင်းများကို အစဉ်လေးစားခင်မင်လျက်
နေကြာရိုး


Thursday, May 6, 2010

၂၀၁၀ အေပရယ် အလည်ခရီး ( ၂ )

ဧပရယ် နွေလယ်မို့ မြစ်ဧရာကြီးလည်း ရေလယ်မှ သောင်ထွေ ထွန်းပြီး အလှရေးပြနေ၏။



ညောင်ဦးတစ်ဘက်ကမ်း လက်ပံခြေပေါ် ဇက်ဆိပ် တွင် ဇက်ကြီး လည်း ရောက်လာပြီ။ ပခုက္ကူမြို့သို့ မကြာခင်ရောက်တော့မည်မို့ ပျော်နေမိသည်။
သြော်..... တင်၍ရသလောက် အားကုန်တင်ထားပြီး မတော်လို့သာ ဆိုရင်........ အင်း... အညာက ကိုတော်ချော နဲ့ လုံမခင်တို့ကဖြင့် မကြောက်ရေးချာမကြောက်။ အိမ်ရောက်ဖို့သာ စိတ်ထဲထည့်ထား၏။ ကျုပ်လိုပေါ့...... :)
မော်ဒီဖိုင်း လုပ်ထားသော ကုန်တင်ကားကြီးလည်း ကျွန်တော်မျိုးလိုက်ပါလာသည့် ဇက်ကြီးပေါ်မှာ လိုက်ဖို့ ဟန်ရေးတပြင်ပြင်.........


နာရီဝက်လောက် ကြာအောင်တော့ ဇက်ကြီးပေါ်မှာ လိုက်လာရတယ်။ မိုးခေါင်ရေရှားဒေသဖြစ်ပေမယ့် ဧရာကြီးရဲ့ ကျေးဇူးကြောင့်သာ ခုလို ရေလုပ်သားတွေ လည်း တရုန်းရုန်း အလုပ်ရှုပ်နေတယ်ထင်ပါ့ ။ ပခုက္ကူသို့ ရောက်ခါနီး ဇက်ပေါ်မှ မြင်နေရသော အညာ ရေလုပ်သားများ.....




ကားကြီးကားငယ် လူပေါင်းများစွာနှင့် ဆန်လာသော ဇက်ကြီး၏ အပေါ်ထပ် ဆလင်မောင်းသောအခန်းထဲ၌ ကျွန်တော်ကဖြင့် ဇိမ်ကျ ပလိန်ကျ လိုက်ပါလာ၏။

ပခုက္ကူကမ်းသို့ မကြာခင်ရောက်တော့မည်။ ဇက်ကြီး ကမ်းမကပ်သေးသော်လည်း ကင်မရာဆွဲအားကြောင့် မကျည်းပင်အောက်၌ ထိုင်ပြီးစောင့်နေကြသော အဖေ။ တဘက်ကို ခေါင်းပေါ်တင်.. ချည်လွယ်အိပ်လေးထုံးပြီး လက်မှာချိပ် ထားလျက် သားပါလာမည့် ဇက်ကြီးကို လက်ညှိုးထိုး လည်တမျှော်မျှော်ဖြစ်နေသောအမေ...
ကျွန်တော်ဖြင့် မြင်နေရပြီ...............


ကမ်းကပ်တော့မည်.. ပခုက္ကူ ကမ်းပေါ်တွင် ပါပလစ်ကာ အဖြူလေးကို တော့ မြင်နေရပြီ။ ကားလေးငှားပြီး လာကြိုကြ၏။

နေပူပူ ရိုးတံကျဲကျဲ မန်ကျည်းပင်တန်းတွေကို ဖြတ်ပြီး ကမ်းနားမှ မြစ်ဘက်ဆီ ဇက်ကြီးရှိရာသို့ သားပါလာနိုးစိတ်ဖြင့် မြစ်ဆိပ်ဆင်းလာသော... အမေ............. ကမ်းမကပ်မီ ဇက်ပေါ်မှ အမေ့အတွက် အမှတ်တ၇.............

ဆက်ပါအုံးမည်...
သူငယ်ချင်းများကို အစဉ်လေးစားခင်မင်လျက်..
နေကြာရိုး

Monday, May 3, 2010

၂၀၁၀ အေပရယ် အလည်ခရီး ( ၁ )


အလုပ်မှ အစမ်းခန့်ခြောက်လပြီးသော အချိန်သည် ဧပရယ် ပထမအပါတ်ဖြစ်၏။ ကြိုတင်ထားသော ခွင့်စာသည်လည်း ခွင့်ပြုလိုက်သဖြင့် အတာကူးသော တန်ခူးလ သင်္ကြန်အမှီ အလည်ပြန်ရန် အားတက်သရော ရှိနေခဲ့လေသည်။ သုံးပါတ်ခရီးဖြစ်သော်လည်း မွေးရပ် ရွာဖြစ်သည့် မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် မြောက်ဘက် ၆ မိုင်ဝေးသည့် မွေးရပ်မြေ ကန်နီရွာလေးတွင် နေရန် တစ်ဆယ့်တစ်ရက်သာ အချိန်ရခဲ့၏။ အလည်ပြန်တုန်း ရိုက်ထားသော အမှတ်တရ ပုံလေးများကို တင်လိုက်ပါ၏။

ရန်ကုန်ရောက်ခိုက်ရွှေတိဂုံဘုရားသွားဖူးရင်း “သိကြားမင်း နှင့် ရွေတိဂုံဘိုးဘိုးကြီးထံတွင် နတ်ပြနေသော မောင်ရင်လောင်းများ”


ဘုရားစောင်းတန်းတွင် မြန်မာ့ရိုးရာအရုပ်လေးများကို မြင်လျင်မြင်ချင်း စိတ်ထဲတစ်မျိုးခံစား ရပြန်၏။



ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ထဲ ရောက်တုန်း လှေကားအဆင်းနံရံနှင့် အပြည့် ရောင်းရန် ပြထားသော ပန်းချီကားများကို မြင်တော့ လှိုက်လှိုက်လှဲလှဲ အရူးထလာတာနဲ့ ကျွန်တော်ချစ်တဲ့ ပန်းချီတွေနဲ့ အတူ .....





ဧပရယ် အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ် ရှိသော်လည်း မွေးရပ်မြေ ရှုခင်းကို ညောင်ဦးရောက်ခါနီး လေယာဉ်ပေါ်မှ စမြင်ရပြီမို့ စိတ်လှုပ်ရှားစွာနဲ့ ရင်ထဲမှာတော့ အေးနေပြီ...........




တမာတွေလည်း တစ်ပင်လုံး ပွင့်နေပြီ။ .. အိမ်လည်း အမြန်ရောက်ချင်လာပြီ။ ..တစ်ယောက်တည်း သွားနေရပေမယ့် တပြုံးပြုံး ရူးနေလေရဲ့ .. . :)




နွေခေါင်ခေါင် ပူနေပေမယ့် မြေနီနီမှာတော့ ထနောင်းပင်တွေက မိတ်ဆွေဟောင်းတွေ လက်ပြကြိုဆိုနေသလိုလို ....................



နောက်နေ့ထပ်တင် ပါဦးမည်...............


သူငယ်ချင်းများ ကို လေးစားခင်မင်လျက်...

နေကြာရိုး

Sunday, May 2, 2010

အမေ့ ဟင်းလျာများ

သင့်မှာ ပြောရန် နှစ်ဆယ့်သုံးမိနစ်သာ ကျန်ရှိပါတော့တယ်။” ဖုံးကဒ်မှ အသံဆုံးပြီးသည်နှင့် “တူ.......... တူ.........” အသံဝင်လာသည်။ ခဏအကြာတွင် ရွာမှ ဖုံးလိုင်းပေါ်သို့ အမေရောက်လာပြီဖြစ်သည်။ “အမေ!....” အားရပါးရခေါ်လိုက်မိသည်။ “အေး.....လူလေး...... အမေ ပြောနေပြီ..” စိတ်ကူးဖြင့် မျက်နှာပုံသဏ္ဌာန် မှန်းကြည့်ပြီး ပျော်ရွှင်စွာ ပြောဆိုနေကြသော သားအမိ။

အမေ စားပြီးပြီလား။ ဘာဟင်းချက်တယ်။ နေကောင်းလား ..” စသည်တို့ကို ပြောရင်း အစ်ကိုတို့အစ်မတို့ အဖေတို့ အကြောင်း ကိုလည်း စုံလင်စွာပြောနေဖြစ်ကြသည်။ “သား .. တစ်ပါတ်လောက်နေရင် ခွင့်ယူပြီး သင်္ကြန်တုန်း ရွာအလည်ရောက်မယ်...ခွင့်ယူရတာ အဆင်ပြေရဲ့လား လူလေး.. ဆရာကြီး၊ ဆရာမကြီးတွေနဲ့ အဆင်ပြေအောင်ပြောဆိုပြီးလို့ ခွင့်ပြုရင်တော့ ရွာကို ပြန်လာခဲ့ပေါ့... လူလေးစားချင်တာတွေ၊ လူလေး ကြိုက်တတ်တာတွေ အမေချက်ထားမယ်... ” အမေ့စကားဆုံးသည်နှင့် ပျော်သွားသည်။

သားလောလောဆယ်စားချင်နေတာ က ပဲပုန်းရည်ချဉ်ဟင်းကို ချဉ်ပေါင်သီးခြောက် ရယ်၊ လက်ပံပွင့်ခြောက်ရယ်နဲ့ ချက်တဲ့ဟင်းရယ်၊ ငရုတ်သီး ထောင်းကို အညာကြက်သွန်ဖြူသေးသေးလေးတွေနဲ့ ထောင်းပြီး ဆီဆမ်းထားတာရယ်၊ အဲဒါအရင်ဆုံးစားမယ်.. ဟ..ဟ” စားချင်တာတွေပြောပြီး ပျော်နေမိသည်။

အတော်ပဲလူလေး မင်းအစ်မကလည်း တပေါင်းလတုန်းတည်းက လက်ပံပွင့်တွေကောက်ပြီး အပွင့်တွေအခြောက်လှမ်းထားတာတွေအများကြီးပဲ.. ချဉ်ပေါင်သီးခြောက်လည်း ဆောင်းတွင်းတုန်းက မြေပဲဖော်ရင် စုထားတာ အများကြီးပဲ။ လူလေးပြန်လာတဲ့ ပထမဆုံးနေ့မှာ အမေချက်ထားမယ်။” အမေလည်း အားရပါးရ စကားတွေပြောနေသည်။ စိတ်မချစွာ တစ်ယောက်တည်း ပြန်လာမည်ကိုလည်း စိုးရိမ်ပုံရနေသည်။

အမေဘာမှာအုံးမလဲ.. ဘာတွေဝယ်ခဲ့ရအုံးမလဲ။” မေးနေကျ ဖြစ်သောမေးခွန်းကို မေးမိသည်။ မေးတိုင်းလည်း ဘာမှ မှာလေ့မရှိသော်လည်း အမေ တော့ စိတ်ချမ်းသာပုံရသည်။ “ ဘာမှ မှာစရာမရှိပါဘူး လူလေးသာ နေကောင်းအောင်နေပါ။” အမေ့စကားဆုံးသည်နှင့် “အမေလည်း အိပ်ရေးဝအောင်အိပ်အုံး. အားဆေးလည်း ပုံမှန်သောက်အုံးနော်... သားလက်မှတ်ဖြတ်ပြီး နောက် လေးငါးရက်လောက်နေရင် ဖုံးထပ်ဆက်လိုက်မယ်..အမေဘာမှာအုံးမလဲ။” ဟု ထပ်မေးလိုက်မိသည်။ “ မတည့်တာတွေ မစားမိစေနဲ့... ကျန်းမာရေးလည်း ဂရုစိုက်အုံး” ဟု အမေထပ်မှာနေရှာသည်။

မှာသည်များကို နားထောင်ပြီး စိတ်ချဖို့ ထပ်ပြောရင်းဖြင့် “ သင့်မှာ ပြောရန် တစ်မိသာ ကျန်ရှိပါတော့တယ်” ဖုံးမှ အချက်ပေးသံကို ကြားရသည်နှင့် “ အမေ.. ငါးရက်လောက်နေရင် ထပ်ဆက်မယ်.. .. ဖုံးကဒ်မိနစ်ကုန်တော့မယ်။ ခု သားဖုံးချလိုက်တော့မယ်.. ” ဟု ပြောသံကို နားထောင်နေသောအမေ“ အေးအေး.. ချလိုက်တော့သား” ဆိုပြီး ပြောကာ သားဖုံးချသည် အထိ ကိုင်ထားရင်း.. ဖုံးလိုင်းပြတ်သွားတော့သည်။


ဆက်ပါအုံးမည်....

စာဖတ်မိတ်ဆွေများကို လေးစားလျက်
နေကြာရိုး

Wednesday, April 28, 2010

ကျွန်တော်ချစ်သော ဓါတ်ပုံ နှစ်ပုံ































ပခုက္ကူမြို့ သီဟိုဠ်ရှင် ဘုရား၌ အမေနှင့် အဖေကို အမှတ်တမဲ့ ရိုက်ခဲ့သည့် ကျွန်တော်ချစ်သောဓါတ်ပုံနှစ်ပုံ

၁၃၇၂ ခုနှစ် နှစ်သစ်သင်္ကြန်ကို မြန်မာပြည်မှာနေရန် အလုပ်မှ ခွင့် သုံးပါတ်ယူပြီး ပြန်ခဲ့သည်။

၂၀၁၀ ဧပြီလရှစ်ရက် ကြာသပတေးနေ့။
နံနက် ၆ နာရီခွဲ ရန်ကုန် - ပုဂံညောင်ဦး လေယာဉ်ဖြင့် အညာသို့သားပြန်လာပြီဖြစ်သည်။ ပြန်လာသော သားကိုတွေ့ရန် စောင့်နေကြသောအဖေနှင့်အမေ ဧရာဝတီမြစ် ပခုက္ကူဘက်ဇက်ဆိပ်တွင် ဘယ်အချိန်ကရောက်နေမှန်းမသိ။ ညောင်ဦးသို့ ၇ နာရီ ၁၅ မိနစ်ရောက်ရောက်ချင်း ကားလေးငှားပြီး လက်ပံခြေဇက်ဆိပ်သို့ အမြန်နှင်လာသော နေကြာရိုး ဇက်ဆိပ်သို့ ရောက်လျင် ဇက်ထွက်ရန်စောင့်ရပြန်၏။ ဇက်ကြီးလည်းနာရီဝက်မျှ မောင်းနှင်ပြီး ပခုက္ကူသို့ ကမ်းကပ်ရန် နီးလာသည်။ တန်ခူးလ ပူပြင်းလှသောနေရောင်ကို ဂရုမစိုက်နိုင်။ ဇက်ကြီးပေါ်တွင် သားပါလာနိုး ဆိုသောစိတ်ဖြင့် ပခုက္ကူဘက် ဧရာမြစ်ကမ်းပေါ် မန်ကျည်းပင်အောက်၌ သဘက်ကို ခေါင်းပေါ်တင်လျက်။ လွယ်အိတ်လေးထုံးပြီး လက်မှာချိတ်လက်နှင့်အမေ။ မျက်မှန်တပ်လျက် ကွမ်းတမြုံ့မြုံ့နှင့်အဖေ။ လည်တမျှော်မျှော်နှင့် စောင့်နေကြသည်ကို ဇက်ကြီးပေါ်မှ မြင်နေရသည်။ ကုန်တင်ကားများ၊ လူများ အားလုံးဆင်းပြီး အေးဆေးဆင်းတော့မည်ဟု စိတ်ကူးထား၏။ လည်တရှည်ရှည်မျှော်နေသောအမေ စိတ်မထိန်းနိင်ရှာဘဲ ဇက်ကြီး နားသို့ပင် ရောက်လာပြီး ပါလာနိုးလာကြည့်သည်ထင်၏။ သားကိုတော့မမြင်။ ဇက်မောင်းသော ဆလင်ဆရာ ထိုင်သောအခန်းမှ ထွက်လာပြီး အိတ်တို့ကို အသာအယာယူပြီး မှ အောက်သို့ဆင်းလာသည်ကို မြင်မှ ဆူလောင်စွာမြည်သော စက်လှေသံ မော်တော်သံတို့ နှင့် ဇက်ကြီးမြည်သော ဥသြဆွဲသံကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အားရပါးရ သားဆီသို့ပြေးလာသော အဖေနှင့်အမေ။ အမေနှင့်သား တွေ့တွေ့ချင်း မျက်ရည်ဝဲကြရ၏။

ပစ္စည်းတို့ကို သယ်ယူပြီး ပခုက္ကူမြို့သီဟိုဠ်ရှင်ဘုရားကို ၀င်ရောက်ဖူးမြော်ကန်တော့ကြ၏။ အဖေနှင့်အမေကို အရိပ်တကြည့်ကြည့် ဖြစ်နေသောကျွန်တော် အမှတ်တမဲ့ဖြင့်ဤဓါတ်ပုံနှစ်ပုံကို ရိုက်လိုက်မိသည်။ ပြန်ကြည့်မိတိုင်း အဖေနှင့်အမေကို သတိရမိသည်။.................. အဖေနှင့်အမေ ကျန်းမာပါစေ..........

နေကြာရိုး






Sunday, April 25, 2010

၂၀၁၀ ဧပြီ ၂ ရက်။ သောကြာနေ့။


၂၀၁၀ ခုနှစ် ဧပြီလ ၂ ရက်။

“မကြာခင်အချိန်အတွင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်တော့မှာဖြစ်ပါတယ်။ ယနေ့ ရန်ကုန်မြို့ရဲ့အပူချိန်ကတော့ ၃၈ ဒီဂရီ ဆဲစ်ယပ်စ် ဖြစ်ပါတယ်”ဆိုပြီးကြားလိုက်သောအချိန် တွင် မြေပေါ်ရောက်ခါနီး ရန်ကုန်မြေကိုကြည့်လိုက်တော့ ကျွန်တော်ချစ်သော မြန်မာပြည်ကြီးသည် အပူပိုင်းခြောက်သွေ့ပေါက်ပင်များနှင့်ပြည့်နှက်နေသည့်အလား။ ခြောက်သွေ့လျက် ၊တိတ်ဆိတ်လျက်၊ အလွမ်းဓါတ်ခံပြည့်သောသူများအတွက် ဂရုဏာသက်စရာ စိတ်ထဲတစ်စုံတစ်ရာ ခံစားမိ၏။

ထိုင်ခုံချင်းကပ်လျက်အတူထိုင်စီးလာခဲ့ပြီး ပြောရင်းဆိုရင်း ခင်မင်ခဲ့သော ဘယ်လ်ဂျီယံအဖြူ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်နှင့် ကျွန်တော်ခရီးသည်များအားလုံးနောက်ဆုံးမှ ဆင်းလာခဲ့သည်။ မီးရောင်စုံ အထပ်ပေါင်းများစွာ လင်းထိန်တောက်ပခဲ့သော စကာင်္ပူလေဆိပ်(Changi Airport, the best in the world 2010) မှ လာခဲ့သော၊ မြန်မာပြည်တစ်ခေါက်တစ်လေမှ မရောက်ဖူးသေးသော ခရီးသွားဧည့်သည် အများစုကား လျှပ်စီးမီး ပြောက်ကျားကျားထိန်ငြီးနေသော၊ လေယာဉ်ပေါ်မှ ထွက်ပြီး အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလိုက်သည်နှင့် လူဝင်မှုကြီးကြပ်ရေးကောင်တာများသုံးခုကိုလှမ်းမြင်နေရပြီ။

(၁)နိုင်ငံခြားသားများအတွက်၊ (၂)သဘောင်္သားများနှင့် သံတမန်မိသားစုများဝင်များအတွက်ကောင်တာနှင့် (၃)အလုပ်၊အလည်နှင့် မှီခိုဖြင့်ပြန်လာသူများအတွက်ဟူပြီး ကောင်တာသုံးခုလုံး၌ တန်းစီနေသူများ ပြည့်လျက်။ မှန်အပြင်၌ စောင့်ကြိုနေကြသော သက်ဆိုင်ရာ မိသားစုဝင်များနှင့် မီးလုံးကြိုးတိုးကြဲတဲ ထွန်းထားသော အမိုးအောက်၌ တိတ်ဆိတ်လျက် တန်းစီနေသောသက်ဆိုင်ရာကောင်တာအလိုက် ပြည့်နှက်လျက်။ မြင်နေရပါသည် သက်ဆိုင်ရာကောင်တာများတွင် ကွန်ပြူတာများရှိသော်ငြား ကွန်ပြူတာများက ပါဝါပိတ်ထားပြီးသားများဖြစ်၏။ တံဆိပ်တုံးများထုလျက်။ စာရွက်များရေးကြလျက်။ သက်ဆိုင်ရာတာဝန်ကျရာ ကောင်တာများမှ ဆရာကြီး၊ ဆရာမကြီးများသည်စာအုပ်များကို ထောင်ပြီး ကြည့်လိုက်၊ မေးခွန်းများမေးလိုက် တရားခွင်၌အမှုစစ်နေသည့်အလား မြင်နေရသည်။ ကောင်တာမှ တာဝန်ကျသူ၏ မျက်နှာအနေအထားကိုကြည့်လိုက်သည်။ မျက်နှာချိုရယ်မောနေသည့် ကောင်တာကိုရွေးပြီး အမြန်တန်းစီလိုက်သည်။ နာရီဝက်ကျော်မျှ စောင့်ရသည်။ ကျွန်တော်အလှည့်သို့ရောက်ပြီ။ ပတ်စ်ပို့ စာအုပ်၊ အခွန်ဆောင်ထားသည့်ဖြတ်ပိုင်းမူရင်းနှင့် အလုပ်မှ ခွင့်စာတို့ကိုထုတ်ပြပြီး ခဏစောင့်ကြည့်နေမိသည်။ အားလုံးစစ်ဆေးပြီး လက်ဖက်ရည်ဖိုး ဒေါ်လာအချို့ပေးဖို့ တောင်းပါလေတော့သည်။ အတော်မုန်းမိသည်။ တန်ရာတန်ကြေး လစာပေးထားပြီး ဖြစ်သော ထိုကောင်တာမှထိုဝန်ထမ်းသည် အဘယ်ကြောင့် သိက္ခာမဲ့စွာတောင်းပါသနည်း။ ရှက်ဖို့ကောင်းလှသည်။ ပြန်လာသောလူတိုင်းလိုလိုထံမှ တောင်းသည်ထင်ပါ၏။ သို့သော် နေကြာရိုးအနေဖြင့် သဘာဝမကျလှသော ဒေါ်လာအလှူခံကို မပေးချင်လှပါ။ သို့ကြောင့် ဘယ်ညာ အဝေးရှိ စောင့်ကြိုနေကြသော သူတို့ကို ကြည့်ကာ ထိုဝန်ထမ်းအားပြန်ပြောမိသည်။ “ဟိုဘက်ဒီဘက် နှစ်ဖက်လုံးက လူတွေကျွန်တော်တို့ကို ကြည့်နေတယ်ထင်တယ်။ တကယ်လို့ ကျွန်တော် အစ်ကို့ကို ဒေါ်လာပေးလိုက်လို့ တခြားလူတွေမြင်ရင် ကျွန်တော်ကိုတစ်မျိုးထင်ကုန်မယ်။ ကျွန်တော် အဲလို သူများမသိအောင် ဒေါ်လာကို လာဒ်ထိုးသလို မလုပ်ချင်ဘူး။ ကြောက်တယ်။” ဆိုပြီး ပတ်စ်ပို့နှင့် အခွန်စာရွက်များကိုပြန်ယူပြီး လှည့်ထွက်လာလိုက်သည်။ ပြီးနောက် အိတ်နှင့်အထုတ်များကိုယူပြီး နောက်ထပ် စစ်ဆေးရေးအပေါက်တစ်ခုကို ဖြတ်ရမည်ဖြစ်သည်။ ထိုစစ်ဆေးရေးအပေါက်သည် နောက်ဆုံးစစ်ဆေးရေးဂိတ်ဖြစ်ပြီး အထုတ်ထဲရှိ ဆေးဗူးပါမပါ နှင့် တရားမ၀င် ပစ္စည်းများပါမပါ စစ်ဆေးမည်ဖြစ်သည်။

အိတ်ထဲတွင် အားဆေးဗူးများ ရွာအတွက်ပါလာသည်မို့ စစ်ဆေးမည်ကိုတော့ စိုးရိမ်မိသည်။ သို့ကြောင့် ရုတ်တရက် ထိုဝန်ထမ်းအမျိုးသမီးအား ပြန်ပြောလိုက်မိသည်။ “ အစ်မ ကျွန်တော်အိတ်ထဲမှာ စိတ်ကြိုက်ဖောက်ကြည့်လို့ရပါတယ်။ ဒါပေမယ့် အားတော့နာတယ်။ ပြန်ခါနီး အတွင်းခံဘောင်းဘီတွေ မလျှော်ဘဲ အပေါ်ကထည့်လာတာ အပေါ်က အစ်မဖွင့်ကြည့်လိုက်ရင် ၀တ်လက်စ အတွင်းခံဘောင်းဘီတွေကိုပဲ အစ်မစမ်းမိမှာနော်..ဟဲဟဲ…”ဆိုပြီး ရယ်စရာမောစရာအဖြစ်ပြောလိုက်မိသည်။ အိတ်ကိုလှုပ်လိုက်တော့ ဂလောက်ဂလောက် ဆိုပြီး ကြားရသည်။ ခံတွင်းပြေ အာပူလျှာပူ သကြားလုံးတစ်ဗူးဖြစ်သည့်အကြောင်း အမြန် သကြားလုံးဗူးအား ဘေးအိတ်ထဲမှ အမြန်ထုတ်ပြီး “စားပါအုံး အစ်မ သကြားလုံးပါ” ကျွေးလိုက်တော့မှ ယုံသွားပြီး “မစားတော့ဘူး ကျေးဇူးပါ”ဆိုပြီး လေဆိပ်မှ အပြင်သို့ထွက်ခွင့်ပေးလိုက်တော့သည်။ လေဆိပ်ထဲမှထွက်လာပြီး လာကြိုကြသော အစ်ကိုလတ်၊ သူငယ်ချင်း တစ်ချို့တို့နှင့်အတူ ပါရမီ အငှားကားယာဉ်ဆီသို့ အထုတ်တို့ကို သယ်လာခဲ့တော့သည်။ အတော်ပျော်မိသည်။

မပြန်ခင် ကကြားခဲ့သောသတင်းများနှင့်ကွာသည်။ သူငယ်ချင်းတစ်ယောက်ပြောသောစကားဖြစ်သည်။ “ရန်ကုန်ပြန်တုန်း တက်စီငှားတာ။ တက်စီက ဖြာခင်းထိုင်ရတယ်။ ဆိုဖာတွေဖြုတ်ထားတယ်။ရှေ့ ဒက်စ်ဘုတ်တွေကလည်း ၀ါယာကြိုးတွေတောင်မြင်ရတယ်။ အဲယားကွန်းဆိုဝေလာဝေး” ။ ထိုစကားများကို ပြန်ကြားမိသည်။ သို့သော် ကျွန်တော်တော့ ကံကောင်းသည်လား။ ကြားသောသတင်းများ မှားသည်လားတော့မသိ။ ပါရမီ တက်စီကားသည် အဲယားကွန်းလည်းပါသည်။ ကားလည်းအတော်သစ်သည်။ ဆိုဖာများလည်း ကောင်းလှသည်။ မြို့တော် ရေဒီယိုကို စပြီး ကြားရ၏။ ရန်ကုန်တွင် အလုပ်လုပ်ခဲ့သောအချိန်တို့ကိုလည်း မြင်ယောင်မိသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သောင်းကျန်းခဲ့သော နာဂစ် မုန်တိုင်းကိုလည်း လမ်းဘေးသစ်ပင်တို့ကို ကြည့်ပြီး ပြန်သတိရမိသည်။ ကားအတွင်း လာကြိုကြသော သူငယ်ချင်း အစ်ကိုတို့နှင့်အတူ ရယ်မောပြောကြရင်းဖြင့် “ ဂလုန်း ဂလုန်း ဂျောင်းဂျောင်း” ဟူသော လမ်းဘုတ်ကျင်းများကြောင့် ကားခုန်သည်ကို အာရုံစိုက်ရင်း ပြုံးမိသည်။

မြင်ကွင်းတို့ခြားနားလှသော လမ်းဘေးဝဲယာတို့ကို ကြည့်ရင်း ဒဂုံမြို့သစ်မြောက်ပိုင်းသို့ရောက်ပြီဖြစ်သည်။ အိမ်ရောက်လျင်ရောက်ချင်း အထုတ်တို့ကို ချပြီး ကိုယ်ဝန်သည် အစ်ကို့အမျိုးသမီးနှင့် အစ်ကိုလတ်၊ ရွာမှ ကားလာဝယ်ရန်ရောက်နေသော သူငယ်ချင်းအဖေနှင့်အမေ၊ တို့နှင့် စကားစမြည်ပြောရင် နိုင်ငံခြားအတွေ့အကြုံများ၊ ရာသီဥတု၊ အစားအသောက်၊အနေအထိုင်တို့ကိုပြောကြဆိုကြရင်းဖြင့် တဖြည်း ဖြည်း မိုးချုပ်လာခဲ့ပြီ။

ညထမင်းမစားမီ အိမ်ရှေ့ကျောက်ကန်၌ရေအ၀ချိုးလိုက်၏။ အစ်ကို့ဆီပုဆိုးတစ်ထည်ငှားရပြန်၏။ ည၀တ်အင်္ကျီတစ်ထည်လဲပြီး ထမင်းစားဖို့ပြင်လိုက်၏။ ချဉ်ဟင်း ၊ ငရုတ်သီးအကြွတ်ကြော်၊ ကြက်သားဟင်း၊ သရက်ချဉ် ၊ ငပိရည် တို့စရာတို့နှင့် စကားတပြောပြောနှင့် တ၀တီးလိုက်သည်။ အရိုးအကြောမေဂျာမှ သူငယ်ချင်း ထိုနေ့က အစ်ကိုအိမ်လာလည်၍ တွေ့ရ၏။ ညစာ အတူစား၊ စကားစမြည်ခဏပြောပြီး သူငယ်ချင်းအား လိုက်ပို့လိုက်၏။ အပြန်တွင် အစ်ကိုနှင့်အိမ်မှ ဧည့်သည်တို့နှင့် စကားပြောပြီး တစ်နေ့ကုန်သွားတော့သည်။

နေကြာရိုး

Wednesday, March 31, 2010

စိတ် နှင့် အခွံ

“၀ုန်းဒိုင်း” ဆိုပြီး တစ်ခါတစ်လေ မမျှော်လင့်ထားသော ၊ မခံမရပ်နိုင်လောက်သော၊ ဖြေရှင်းချက်တစ်စုံတရာ မရှိသော အချိန်မျိုးလူတိုင်းလိုလို ကြုံဖူးကြတတ်သည်။ ထိုအချိန်မျိုးတွင် တုံ့ပြန်မှုသည်မှာလည်း တစ်ယောက်တစ်မျိုးဖြစ်နိုင်သည်။ တစ်ယောက်တည်းပင်လျှင် အမျိုးမျိုး တုံ့ပြန်ဖူးကြမည်။

စိတ်၏ စဉ်းစားဥာဏ်များ “၀ုန်းဒိုင်း” ဖြစ်လာသောအချိန်တို့တွင် သတိဆိုသည်ကို စဉ်းစားကြည့်သင့်သည်။ ထိုစက္ကန့်ပိုင်းအတွင်း အသက်ရှူခြင်းများ၊ စက္ကန့်ပိုင်းအတွင်း စိတ်ထဲဖြစ်လာသော စဉ်းစားမှုများကို ထိုစက္ကန့်ပိုင်းအတွင်း ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်သင့်သည်။ အသက်ရှူကြပ်လာနိုင်သည်။ အသက်ရှူအလွန်မြန်လာပြီး မျက်ရည်အိတ်များသည်လည်း အလိုလို ယိုကျတတ်သည်။ အသံအိုးများ ပြည့်လျှံနေပြီး နှလုံးခုန်နှုံးမြန်မှု၊ သွေးကြောများ လျင်မြန်စွာစီးဆင်းနေမှုကြောင့် အသားအရေများ နီမြန်းလာတတ်သည်။ တုန်ရီနေသော အာရုံကြောများ၊ မြန်လှသော အသက်ရှူမှုများကို အာရုံစိုက်ကြည့်ပြီး မျက်နှာကို တည်ငြိမ်စွာဖြစ်အောင်ထားဖို့ စိတ်ကို ဆုံးဖြတ်ခိုင်းပြီး စိတ်၏လိုက်နာနိုင်မှုကို ထပ်ကြည့်သင့်သည်။

မိမိကိုယ်မိမိ စိတ်နှင့် တစ်ထပ်တည်းကျအောင် စက္ကန့်ပိုင်းအတွင်း တည်ငြိမ်မှုရအောင် တစ်ပါးသူအား အပြစ်ကြီးသည် ဖြစ်လင့်ကစား အပြစ်ကို မသိသောကြောင့် ပြုမိခြင်း သတ်မှတ်လိုက်ပြီး စိတ်၏ စက္ကန့်နှင့်အမျှ ပြေးလွှားနေမှုများကို အရိပ်ပမာ လိုက်ကြည့်သင့်သည်။ တဖြည်းဖြည်း ခန္ဒာကိုယ်ကြီး၏ သွေးကြောများ ၊ အာရုံကြောများသည်လည်း ငြိမ်လာသည်ကို သတိထားလိမ့်မည်။ သတိဆိုသည်ကို အတိအကျမသိသော်လည်း မိမိစိတ်ကို မိမိစိတ်ဖြင့် ကြည့်ခြင်းကို သတိဟု ယူဆကြည့်လျှင် အတော်ကောင်းမွန်သည်။

ပြုံးနိုင်အောင်ကြိုးစားခြင်းသည်လည်း ဒေါသကို တိုက်နိုင်သောလက်နက်ကောင်းတစ်ခုဖြစ်သည်။ မိမိအားနည်းချက်ကို သူတစ်ပါးက လက်လွတ်စပါယ်ပြောခြင်းအား သူမသိ၍ပြောသည်ဟု အောက်မေ့ပြီး စကားလမ်းလွဲပြီး ရယ်ရယ်မောမော ဖော်ဖော်ရွေရွေ တုံ့ပြန်ခြင်းသည်။ အောင်မြင်ခြင်း၏ လက်နက်တစ်ခုလည်း ဖြစ်သည်။

မိမိ၏အတွင်းစိတ်တစ်စုံတစ်ရာထဲ၌တစ်ဦးတစ်ယောက်အားအပြစ်မမြင်မိအောင်သတိထားရမည်မှာ အရေးကြီးလှသည်။ ကွယ်ရာတွင်ဖြစ်စေ၊ ရှေ့၌ပင်လျင်ဖြစ်စေ မကောင်းမြင်မိလျှင် ထိုတစ်စုံတစ်ယောက်၏ စိတ်ထဲတွင်လည်း မိမိအား အလိုလို အပြစ်မြင်နေတတ်သည်မှာ လက်တွေ့ကြုံကြပေမည်။

ဖြူစင်သောစိတ်ထားရန်မှာ အကောင်းမြင်ဖို့ မဖြစ်နိုင်လျှင် အပြစ်မမြင်ဘဲ “ သူမသိ၍သာ မိမိအား ထိခိုက်သွားခဲ့သည်” ဆိုပြီး အပြစ်ကို နားလည်ပေးခြင်းဖြစ်သည်။“ သည်းခံ” ဆိုသည်ကို အတိအကျမသိသော်လည်း ယခုကဲ့သို သူတစ်ပါးအား နားလည်ပေးခြင်းသည် အတော်ကောင်းမွန်လှသည်။

အချိန်တိုင်းနေရာတိုင်း တွင် ထက်မြက်ချင်ကြသော၊ အနိုင်မခံအရှုံးမပေးချင်ကြသော သူ အများစုရှိကြသည်။ လက်တွေ့တွင် ဖြစ်ချင်သည်နှင့် ဖြစ်နေသည်ကို တစ်ထပ်တည်းမကျသော သူလည်း အများစုပင်ဖြစ်သည်။ ဒေါသထွက်ခြင်း ၊ စိတ်၏ “၀ုန်းဒိုင်း” ဖြစ်ခြင်းတို့ကို အချိန်တိုအတွင်းငြိမ်အောင် လက်တွေ့ ကျင့်နိုင်ရန်မှာ အတော်ခက်ခဲလှသည်။ အထက်ပါနည်းလမ်း နစ်သွယ်သည် စာရေးသူ၏ လက်ဆောင်ဖြစ်ပါသည်။ စမ်းကြည့်စေချင်သည်။

“ဖြစ်ချင်စိတ်ပြင်းပြသော ဆန္ဒ။ ပြင်းပြသော လုံ့လ၀ီရိယ၊ မလျော့သောဇွဲ၊ ခိုင်မှာသော စိတ်ကူးရည်မှန်းချက်၊”
တို့ဖြင့် စိတ်ဖြူစင်စွာထားပြီး အောင်မြင်ခြင်း၊ ရှုံနိမ့်ချြင်းများစွာကို အံတုရင်းဖြင့် အရာရာကို ဖြစ်သလိုမလုပ်ဘဲ လုပ်စရာရှိသည်ကို အကောင်းဆုံးလုပ်နေရင်းဖြင့် ဖြစ်ချင်စိတ်ပြင်းပြသောစိတ် မပျောက်ဖို့ပင်ဖြစ်သည်။

မိမိ၏ ခန္ဒကိုယ်အား နေ့စဉ်ဂရုစိုက်နေသကဲ့သို့ မိမိ၏ စိတ်ကို ဘာလုပ်နေသည်ကို မြင်အောင်ကြည့်ရင်း ဘာလုပ်ရင် ပိုကောင်းမည်ကို ထိန်းကြရင်းဖြင့်...........................


နေကြာရိုး

Saturday, March 27, 2010

ကျွန်တော်ချစ်တဲ့အိမ်

ကမ္ဘာကြီး ရွာဖြစ်နေချိန်မှာ ကျွန်တော်ကမ္ဘာ့ရွာက အိမ်တစ်အိမ်မှာပေါ့။
ဒါပေမယ့် အမေ့အိမ်တော့မဟုတ်။

အားလုံးပျော်ပွဲရွှင်ပွဲတွေနဲ့ တပြုံးပြုံးတရယ်ရယ် ဖြစ်နေချိန်တောင် အမေ့တို့နေတဲ့အိမ်က ခြံစည်းရိုးတွေအထပ်ထပ်နဲ့၊ အိနြေ္ဒအပြည့်နဲ့ပေါ့။ တစ်ချို့ကျတော့လည်း လိုတရ။ တစ်ချို့ကျပြန်တော့လည်း ငိုကြယိုကြ ချွေတာကြနဲ့။
ကလေးငိုသံတွေ၊ လင်မယားရန်ဖြစ်သံတွေ၊ ကျိန်ဆဲသံတွေကလည်း ခြံစည်းရိုးတွေပေါက်မတတ်နဲ့။

သူများတွေတစ်အိမ်နဲ့တစ်အိမ်သွားလည်နေချိန်မှာ အမေ့ရှိတဲ့ အိမ်ကတော့ ဧည့်လာတောင်လာကျဲပါရဲ့။ လာချင်တဲ့သူတွေကို စေ့ဆော်ဖို့ အားလည်းသားမှာ ချိနဲ့နဲ့။သားတို့အိမ် ဘာနဲ့ဆောက်ထားတယ်ဆိုတာတောင်သူတို့မသိ ။ စိတ်လည်းမ၀င်စားတဲ့ မျက်နာစိမ်းတွေ့နဲ့။
စိတ်တိုလာရင်တော့ အမေ မှာရှိတဲ့ ရွှေတုံးတွေ၊ ပတ္တမြားတုံးတွေ၊ ကျောက်စိမ်းတုံးတွေ၊ ပုလဲလုံးတွေနဲ့ အခြေကြီးတဲ့ အိမ်တွေကို ထုချေပစ်ချင်တယ်။

တစ်လောကလုံးမှာ အလှဆုံး။ ချစ်စရာအကောင်းဆုံး၊ အပျော်ဆုံးကတော့ သားကြီးပြင်းခဲ့တဲ့ သားတို့အိမ်ပါပဲ။
တစ်အိမ်ထဲ မီးမထွန်းဘဲ နေနေတော့ မွေပါးကင်းပါးနဲ့အိမ်နီးချင်းပွဲစားအိမ်တွေကလည်း အမေ့ရှိတဲ့အိမ်ကို ဂုပ်သွေးစုပ်ဖို့ နည်းမျိုးစုံကြိုးစားနေတာလည်း သားတွေ့ရရဲ့။သားလည်း သူများအိမ်မှာ လခစားလာလုပ်နေရပေမဲ့ အမေ့အိမ်ကိုတွေးတိုင်း တစ်ခါတစ်ခါ တစ်ယောက်တည်း မငိုဘဲ မျက်ရည်တွေတောက်တောက်ကျပါရဲ့။

ချစ်စရာကောင်းတဲံအိမ်၊ သဘာဝအရှိအရှိတိုင်း နေနေရတဲ့အိမ်။ ကျွန်တော်ချစ်တဲ့အိမ်။တကယ်တော့ အမေ့လည်းရှိတဲ့ ကျွန်တော်ချစ်တဲ့အဲဒီ့ အိမ်က ကမ္ဘာမှာအိပ်ရေးအ၀ဆုံးအိမ်မို့ ရှေ့လထဲ သားအလည်လာပြီး နှစ်ပတ်လောက်အိပ်ရေးဝအောင်လာအိပ်မယ် အမေ။


နေကြာရိုး


Thursday, March 25, 2010

အနောက်ဧရာရယ်၊ ကျွန်တော်ရယ်၊ သထုံလမ်းနဲ့ခရေတန်းတွေရယ်.....

ဧရာအနောက်မြို့တော်ဟူသော ဆိုင်းဘုတ်ကြီးကိုကျော်ခိုင်းပြီး အဖေနှင့်ကျွန်တော်ပါလာသောအောင်နိုင်ဝင်းကားကြီးသည် ပခုက္ကူ-ရန်ကုန်အဝေးပြေး လမ်းမကြီးအတိုင်း စတင်နှင်လာလေပြီ။ အတန်ကြာသော် ပခုက္ကူမြို့နယ်တွင်း ကမ္မရွာတွင် တစ်ထောက်နား၏။ မှန်အလုံကားဖြစ်သော်လည်း လေအေးစက်မပါသဖြင့် မှန်ကို ဖွင့်ပြီး ထား၏။ “ဘယာကြော်၊ ၀က်အူချောင်းကြော်၊စမူဆာကြော်ရမယ် တစ်ဆယ်ဖိုးလေးခု။ စားကြမလားဟေ့”လာရောင်းသောသူများကို ငေးကြည့်နေမိသည်။ ခရီးသည်များ ကို တင်ရန်ရပ်နေသော ကားကြီးသည် အားလုံးစုံသည်နှင့် စပြီး တာထွက်တော့သည်။ တစ်ရွာဝင် တစ်ရွာထွက်နှင့် နေ့လည်တစ်နာရီခန့်တွင် ကျွန်းချောင်း ဇက်ဆိပ်သို့ရောက်တော့၏။တန့်ကြည့်တောင်ဘုရားကိုလည်း ခဏလှမ်းဖူးလိုက်ပါ၏။ နေ့လည်ထမင်းကို သားအဖ နှစ်ယောက် ကျွန်းချောင်းဘက်ကမ်းရှိ မြန်မာထမင်းဆိုင်တစ်ဆိုင်တွင် တီးလိုက်ကြ၏။ ကျွန်းချောင်းဇက်ဆိပ်မှ ဗူးဘုရားဇက်ဆိပ်သို့ ဆယ့်ငါးမိနစ်ခန့်သာကြာသော်လည်း ဇက်ကြီးပေါ်သို့ ကားကြီးကားငယ်များ တင်ကြစီကြဖြင့် တစ်နာရီခွဲခန့်စောင့်နေကြရသည်။

ကားများတင်ပြီးချိန်တွင် ခရီးသည်များစပြီးတက်ကြပြီ။ အနောက်ဧရာ ဇက်ကြီးမှ “ ပေါ်ပေါ်..”ဟူသော ဥသြလည်း စဆွဲပြီ။ အရှေ့နောက်စီးနေသော ဧရာမြစ်ကြီး၏ မြောက်မှတောင်သို့ကွေ့၍ စပြီးစီးဆင်းနေသောနေရာလည်းဖြစ်၏။ ထိုနေရာတွင် အနောက်ဧရာဇက်ကြီးသည် မြစ်ရေပြင်ကို ဆန်လျက်တဗြုန်းဗြုန်း မောင်းနှင်လာ၏။ ဇက်ပေါ်မှ ကျွန်တော်သည်လည်း လှမ်းပြီးမြင်နေရသော သဗ္ဗညုစေတီ ဂေါတောပုလ္လင်စေတီ၊ ပုဂံ သမိုင်းဝင်ပြတိုက်အဆောက်အဦးတို့နှင့်အတူ များပြားလှသော ပန်ချီကားကြီးသဖွယ် ပုဂံဘုရားတို့ကို မြစ်ရေပြင်ဘောင်ကွပ်ပြီး တစ်ယောက်တည်း ကြည့်လျက်ကြည်နူးနေမိ၏။ ဗူးဘုရားဇက်ဆိပ်သို့ရောက်ပြီဖြစ်၏။ ရွေရောင်ဝင်းနေသော ပျူစောထီးသမိုင်းနောက်ခံ ဗူးဘုရားကြီးကို အဝေးမှ ဖူးလျက် ကမ်းပေါ်သို တက်ဖြစ်ခဲ့၏။ ကားကြီးလည်း မကြာခင်ရောက်လာပြီဖြစ်သောကြောင့် ခရီးသည်အားလုံး ကားကြီးပေါ်သို့ တက်ကြရ၏။ ဧရာအနောက်ဖက်ကမ်းမှကျွန်တော် ဇာတိကို ဧရာခြား၍ ခရီးစဆန့်ခဲ့ပြီ။

ပုဂံ မြို့ရိုးကြီးကို ကျော်လာရင်း၊ ယွန်းရပ်ကွက်တို့ကို ဖြတ်လာရင်း အုတ်နီနီ စေတီများစွာတို့ကြားထဲမှ အားအပြည့်မောင်းလာရင်းဖြင့် ရှေးဟောင်းပုဂံမြို့ဟောင်းကြီးနှင့် ထနောင်းပင်၊တမာတန်းများကို စကျောင်းခိုင်းခဲ့ရလေပြီ။

လမ်းဘေးဝဲယာ ယာမြေတောများထဲမှ မရေတွက်နိုင်ဖွယ်ရာ ထန်းတောများနှင့် တောင်တန်းတစ်ချို့ကို ဖြတ်ရင်း ထန်းသမားကြီး ညောင်ဦးဖီးနှင့် ထွန်ရေးကျွှမ်းကျင်သူငလုံးလဖယ်တို့ကို တွေးရင်းဖြင့် ဂွေးချိုအဆီဆိုင်သို့ရောက်မှန်းမသိရောက်ခဲ့ပြီ။

ဆိတ်သားခြောက်၊နှင့် အစေ့မပါသည့် စလေဇီးသီး ၀ယ်နေကျနေရာလည်းဖြစ်သည့် ထိုအဆီဆိုင်တွင် ဈေးကြီးသောဆိတ်သားခြောက်ကြော်ကို မာနကြီးစွာ လှည့်မကြည့်ဘဲ ရန်ကုန်သို့လက်ဆောင်ယူရန်အတွက် အစေ့မပါသည့် စလေဇီးသီး အချိုနှင့်အစပ် နှစ်မျိုးကို ၀ယ်လာခဲ့၏။

ချွေးစီးများနှင့် ညစ်ပတ်စလည်းပြုလာပြီဖြစ်၏။ မှန်တံခါးများကိုဖွင့်ပြီးစီးရသောကြောင့် ဆံပင်များကလည်း စီးထိုင်းထိုင်း။ ဂွေးချိုမှစထွက်လာပြီဖြစ်၏။ ရေနံချောင်း ၊ဗိုလ်ချုပ်ဇာတိ နတ်မောက် မြို့ ၊ တစ်မြို့ဝင်တစ်မြို့ထွက်ဖြင့် ထွန်းအိန္ဒြာဗိုလ်၏ ရည်းစားဦးအခွေလည်း အလွတ်ရလုနီးပါး ကြားနေရင်း ဖြင့် မျက်စိထဲ၌ နည်းနည်း စိမ်းလမ်းပြီး တိုးတက်သပ်ရပ်လှသောနယ်မြေတစ်ခုကို မြင်လိုက်ရ၏။ ကျောက်ပန်းတောင်မြို့ဖြစ်ပါ၏။ ဇာတ်သဘင်များ၊ အငြိမ့် နှင့်လူရွှင်တော်ဆိုင်းဘုတ်များ ဘော်ဒါဆောင်ဆိုင်းဘုတ်များကိုကြည့်ရင်း နာမည်ကြီးလှသော ကျောက်ပန်းတောင်း အာလူးကြော်ထုတ်များကိုလည်း ကားပေါ်မှ မြင်ခဲ့ရ၏။

အညာ၏ အိုအေစစ်ဖြစ်မည်ထင်ပါ၏။ ပုပ္ပားတောင်ကြီးကိုဖြင့် ပြပြသဲ့သဲ့မြင်ရ၏။ ထန်းပင်များလမ်းဘေးဝဲယာတွင် မရေမတွက်နိုင်မြင်ရသောမြင်ကွင်းတို့က မရေတွက်နိုင်သော လွမ်းစရာများကို ကျောခိုင်းထားခဲ့သကဲ့သို့ပင်။ ရှုပ်ယှက်ခတ်သောအတွေးတို့နှင့် တ၀ူးဝူး နာငြီးလာသောကားသံတို့ဖြင့် မျက်ကြောစင်းလာပြီး ဘေးမှ ပါလာသော အဖေ့ပေါ်သို့ ခေါင်းအုံးလျက် အိပ်ပြီးလိုက်ခဲ့လေ၏။

ညရှစ်နာရီခန့် မကွေးမြို့အနီး မြန်မာထမင်းဆိုင်တွင် ထမင်းစားနား၏။ သားအဖနှစ်ယောက်ထမင်းတီးကြပြန်သည်။ ပြီးသော် ကားပေါ်သို့ ပြန်ပြီးတက်ကြရပြန်၏။ တ၀ူးဝူး အသံကို မကြားချင်သော်လည်း နားထဲအဆက်မပြတ်ကြားနေရ၏။ လမ်းဘေးဝဲယာရှိ လှစ်ခနဲလှစ်ခနဲ မြင်လိုက်ရသော သစ်ပင်တို့နှင့် မှုန်ပြပြ ညရှုခင်းတို့ကို ကြည့်ရင်း တောင်တွင်းကြီး အောင်လံစသောမြို့မြေလတ်ပိုင်းမြို့တို့ကိုရောက်သည်အထိ ကျွန်တော်မအိပ်တော့။ ရန်ကုန်ရောက်လျှင် ဆေးဘက်ပညာသည်တက္ကသိုလ်ကြီးတက်ရမည် ကို တွေးပြီး စိတ်လှုပ်ရှားနေမိသည်။ ည တစ်နာရီခွဲခန့်တွင် ကျန်းမာရေးရပ်ပေးသည်။ ဗိုလ်ချုပ်ကြေးရုပ်ကြီးနှင့် တိုက်တန်းများနှင့် တိုးတက်လှသော မြို့တစ်မြို့ဖြစ်သည့် ပြည်မြို့သို့ရောက်ပြီဖြစ်၏။ ပြည်ဆံတော်ဘုရားကြီးဘေးမှ ကားကြီးလည်းကျော်လာခဲ့ပြီ။ ဧရာဝတီမြစ်ကြီးကိုလည်း ပြန်၍မြင်ရပြန်ပြီ။ မျက်လုံးအစုံတို့မှာ အိပ် ၍မရနိုင်တော့။ နယ်မြေသစ်တို့ကို စပြီးထိတွေ့နေရပြီဖြစ်၏။ မိုးလင်းခါနီးတွင်မှ ခဏအိပ်ပျော်သွား၏။ မိုးလင်းပြီ။ ဇီးကုန်း ဥက္ကံ၊ နတ်တလင်း၊ ပေါင်းတည်၊ တစ်မြို့ပြီးတစ်မြို့ ကိုဖြတ်ရင်း အလွန်အင်မတန်စိမ်းစိုလှသော ၊ တစ်စုံတစ်ရာ ယာမြေမရှိသော၊ မြင်ကွင်းအားလုံးသည် နေ့ခင်းကမြင်ခဲ့သော ယာမြေ ၊ထန်းတောတို့မဟုတ်တော့။ စပါးပင်များနှင့် ပြည့်နှက်နေသော အစိမ်းရောင်မြင်ကွင်းအပြည့်ဖြင့် အားအပြည့် စိတ်ရောရင်ပါ လန်းဆန်းစေသော မြင်ကွင်းတို့ကို ထိတွေ့နေရပြီဖြစ်၏။ အတွေးထဲတွင် ယာမြေနီနီ၊ ထနောင်းပင်၊တမာတန်းတို့နှင့် ရိုးရိုးကြီးဝတ်စားနေထိုင်ကြသော အညာမြေရွာမှ အမေ့အိမ်ကို ရောက်ရောက်သွားသည်။

သုံးဆယ်မြို့တွင် ကျန်းမာရေးတစ်ထောက်နားသည်။ အောင်နိုင်ဝင်းကားကြီးသည် ရန်ကုန်မြို့ကြီးသို့ရောက်ခါနီး္ဂ၍ဖြစ်မည်ထင်၏။ ပိုပိုမြန်လာသည်။ တိုက်ကြီးမှော်ဘီတို့ကို ကျော်လာပြီ။ ထောက်ကြံ့ မင်္ဂလာဒုံတို့ကိုရောက်ပြီ။ ရွာမှတက်လာသောကျွန်တော့အဖို့ ခေါင်းကို ထောင်ပြီး ဘယ်ရော၊ ညာရော မလွတ်တမ်း ကြည့်နေတော့သည်။ ဟိုက်လပ်စ် လိုင်းကားလေးများ၊ နံပါတ်၅၁ လိုင်းကား၊ မှော်ဘီ သမိုင်း လိုင်းကားများနှင့် အလွန်အင်မတန်ကျယ်လှသည့် အဝေးပြေးလမ်းမကြီးပေါ်မောင်းလာသော ကားပေါ်မှ ကားစပါယ်ယာ၏ အသံကို စကြားရပါ၏။“ ထောက်ကြံ့လမ်းဆုံ တစ်ယောက်ဆင်းမယ်။ ဂေါက်ကွင်းတစ်ယောက်ပါမယ်။ဝါယာလက် တစ်ယောက်ဆင်းမယ်။” အသံတို့ကို ဆက်တိုက်လိုလိုကြားနေရ၏။ မနက်မိုးလင်းစမို့ အားအင်အပြည့်နှင့် နယ်မြေသစ်ကို စူးစိုက်နေမိ၏။

လမ်းဘေးမှ စစ်သင်္ချိုင်းကိုလည်းမြင်ရ၏။ မသိသည်များကို အဖေ့ကို မေး၏။ အဖေ့အဖို့ ရန်ကုန်နှင့်အညာ ခဏခဏ ရောက်နေသည်မို့ အေးဆေးဖြစ်နေပြီး ကျွန်တော်မေးသမျှကိုသာ ဖြေပေးနေ၏။ ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်ခန့်ပင်ရှိသေး၏။

နံနက်ရှစ်နာရီခွဲခန့်တွင် အောင်နိုင်ဝင်း(ပခုက္ကူ- ရန်ကုန်) အဝေးပြေးကားကြီးသည် ဂိတ်ရှိရာ ဆယ်မိုင်းကုန်းရှိ စောဘွားကြီးကုန်းအဝေးပြေးစခန်းသို့ ဆိုက်ရောက်ပြီဖြစ်၏။

ကလေးငယ်များအော်သံဖြစ်သည့်“အစ်မ ရေဗူးခွံ ဒီဘက်ပစ်ပေးပါ။ ဦးသားတို့ဘက်ကို ပစ်ချ ၊ ဟိုအစ်ကိုကြီး သားတို့ဆီကို ရေဗူးခွံပစ်ပေးပါ” ကားသမားများကလည်း“ တောင်ဥက္ကလာ တက်စီ တစ်ယောက်လို၊ သမိုင်း သွားမယ့်သူပါရင် တက်စီကြုံတယ်။ တက်စီရတယ်။ ဘယ်သွားမလဲ”
ကျွန်တော်နှင့်အဖေ လည်း လျှော်ခြင်းကြီးငယ်တို့ကို ချပြီး လွယ်အိတ်ကိုလွယ်လျက် ကားပေါ်မှ ဆင်းလာ၏။ မနက်စောစောကတည်းမှ လာပြီး ကြိုစောင့်နေသော အစ်ကိုလတ်ကို မြင်ပြီး ၀မ်းသာအားရဖြစ်သွားပါ၏။ “ဟား.. မောင်ကျော်.. အထုပ်တွေအစုံပါပြီလား။ အမေတို့ရော နေကောင်းကြလား။ အဖေနဲ့မောင်ကျော် လက်ဖက်ရည်ဆိုင်ခဏသွားပြီး မနက်စာစားပြီးမှ မြောက်ဒဂုံတက်စီနဲ့သွားကြတာပေါ့။ ” ဆိုပြီး အစ်ကိုလတ်နဲ့အတူ သားဖသုံးယောက်ပျော်ပျော်ပါးပါးလက်ဖက်ရည်တစ်ခွက်စီနှင့် အီကြာကွေးစား၏။ မုန့်ဟင်းခါးကြိုက်သောအဖေက မုန့်ဟင်းခါးတီး၏။

“အစ်ကို ကျွန်တော်တို့ကျောင်းကို နိုဝင်ဘာ ၁၃ ရက်နေ့တနင်္လာနေ့မှာသွားအပ်မယ်။ အစ်ကိုရော နေရတာအဆင်ပြေရဲ့လား။ အမေ့ဆီကို ကျွန်တော်တို့ အေးဆေးရောက်တဲ့အကြောင်း ရွာမြောက်ပိုင်းက ဖုံးအိမ်ကို ဖုံးဆက်ပြီး ပြောချင်သေးတယ်။ ” ဆိုပြီး ပြောကြဆိုကြစားကြပြီး အစ်ကို့အိမ်ရှိရာ သုံးဆယ့်ငါးရပ်ကွက် ဦးပုညလမ်း လမ်းရှိ အလုပ်သမားတန်းလျားလေးဆီသို့ ကားငှားပြီး သားဖသုံးယောက် လာခဲ့ကြ၏။

တစ်လ တစ်ထောင့်ခြောက်ရာသာ အိမ်လခပေးရသော၊ လျပ်စစ်မီး တစ်စုံတစ်ရာမရှိသော ထိုဆယ်ပေ ပတ်လည် အလုပ်သမားတန်းလျားတွင် အဖေ၊ကျွန်တော်နှင့် အစ်ကိုတို့ ဇနီးမောင်နှံနေကြ၏။ ပျားမွေးမြုရေး မှ အလုပ်သမားတန်းလျားဖြစ်၏။ ဆယ်ပေပတ်လည်အခန်းသုံးခန်းနှင့် ပေနှစ်ဆယ်ပတ်လည် တစ်ခန်းဖြင့် တန်းလျားအရှည်ဖြစ်၏။ ညာဘက်ဆုံးတွင် အစ်ကို့၏ သူငယ်ချင်းလူပျိုကြီးနှင့် အလုပ်သမားတစ်အုပ်စုတို့က နှစ်ခန်းတွဲနေကြ၏။ ဒေါက်ဖိနပ်ခွါတို့ကို စက်နှင့်လုပ်ကြ၏။ သူတို့နှင့်ကပ်လျက် ဆယ်ပေပတ်လည်တွင် အစ်ကိုတို့ဇနီးမောင်နှံနှင့် ကျွန်တော်တို့သုံးယောက်နေ၏။ တစ်ခြားတစ်ဘက်တွင် ဂျင်းဘောင်းဘီပြင်သော အစ်ကိုကြီးတစ်ယောက်ငှားထား၏။ အစွန်ဆုံးအခန်းတွင် အ၀တ်အငှားလိုက်လျော်ပေးသည့် အဖွားကြီးသားအမိနေကြ၏။ ညဘက်တွင် အဖေက အစ်ကို့သူငယ်ချင်းအခန်းဘက်တွင် သွားအိပ်၏။ တစ်ခါတစ်ရံ ကျွန်တော်လည်း အစ်ကိုသူငယ်ချင်းအလုပ်သမားများနှင့် သွားအိပ်ရ၏။ ရန်ကုန်ဆိုသောမြို့ကြီးကို စပြီး တွေ့နေရပြီ။

ရောက်ပြီးနှစ်ရက်မြောက်နေ့သည် 2000 ခုနှစ် နိုဝင်ဘာ ဆယ့်သုံးရက်နေ့ ဖြစ်၏ ။ အဖေ၊ကျွန်တော်နှင့်အစ်ကိုလတ်တို့သားအဖသုံးယောက် မြောက်ဒဂုံ သုံးဆယ့်ငါး မှတ်တိုင်မှ ဆယ်နှစ်လုံးတန်းသို့ ဘီအမ် နံပါတ် ၃၆ ကိုစီးပြီး လာကြ၏ဆယ့်နှစ်လုံးတန်းထိ ကားခ တစ်ယောက်ကို တစ်ဆယ်ပေးရ၏။ ဆယ့်နှစ်လုံးတန်းတွင် ဆင်းပြီးရန်ကုန် တက္ကသိုလ်ကြီးဆီသို့တိုက်ရိုက်ရောက်သည့် ဟိုက်လပ်စ် နံပါတ် ၄၂ ကိုစောင့်စီးရ၏။ ကားခ တစ်ယောက်ကို ငါးကျပ်ပေးရ၏။

ထိုနေ့က ကျွန်တော်ဝတ်သောအ၀တ်အစားကို မှတ်မိသေး၏။ရွာမှ ကျောင်းသားများ စုပြီး ကန်တော့လိုက်ကြသည့် ချည်ချောပုဆိုးအစိမ်းရောင်အကွက်ဖြစ်၏။ အင်္ကျီမှုာ ကိုးတန်းနှစ်က ရွာမှ အထကမြိုင်သို့ နေ့ချင်းပြန်စက်ဘီးနှင့်အတူ ကျောင်းတက်ရင်း ဆောင်းရာသီ တွင် ကျောင်းနေဖက်သူငယ်ချင်းခြောက်ယောက်ဆင်တူချုပ်ထားသည့် ထိုခေတ်က ရွာ၌ ခေတ်စားခဲ့သည့် ဒွေးကွက်ဆိုသော အစိမ်းရောင်အကျှင်္ီ အကွက်နှင့် တစ်ကိုယ်လုံးစိမ်းနေ၏။ ကျွန်တော့်ကိုယ်ကျွန်တော်တောသားဆိုသည်ကိုလည်းမေ့နေ၏။ တစ်ကိုယ်လုံးစိမ်းနေသည်ကိုမေ့နေ၏။ သို့သော် သထုံလမ်း ဘီအိုစီကောလိပ်ဟောင်းကြီးဖြစ်သည့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ် နှင့် ဆေးဘက်ပညာသည်တက္ကသိုလ် တက္ကသိုလ်နှစ်ခုကို အမိုးတစ်ခုအောက်တွင် အတူသင်နေကြသည့် ကျောင်းသားများ၊ ဘောင်းဘီရှည်၊တီရှပ်၊ ထမီစကပ်တို့နှင့် အလွန်အင်မတန် စတိုင်ကျလှသည့် ကျောင်းသူများ ၊ ရုပ်ရှင်ဗီဒီယိုထဲတွင်သားမြင်ဖူးခဲ့သော ကျောင်းသားစတိုင်များ၊ ကန်တီးများ တက္ကသိုလ်နယ်မြေများကို ကျွန်တော်အိပ်မက်မက်သကဲ့သို့ စပြီးခြေချရသည့်နေဖြစ်၏။ တစ်ခါမှ မရောက်ဖူးသောကျွန်တော့်အတွက် မဟာအထူးဆန်းကြီးဖြစ်ပြီး စိတ်ထဲတွင်လည်း နည်းနည်းကြောက်နေပါ၏။ ဘေးတွင် အဖေပါ၏။ အစ်ကိုလည်းပါ၏။ တောင်ကြီးမှကျောင်းသားများလည်း ကျောင်းထဲတွင် သူတို့ရောက်နေကြပြီ။ အဖေ့ညီမ၀မ်းကွဲ၏ သမီးဖြစ်သည့် ရောဂါရှာဖွေရေးမေဂျာမှ မအိစုကို လိုက်ရှာရင်း ကျောင်းဝင်းထဲတွင် လျောက်ကြည့်နေ၏ ။

ကြည့်ရင်းကြည့်ရင်းဖြင့် မော်ကွန်းထိန်း၏ အခန်းနားရောက်သွားပြီး မော်ကွန်းထိန်းမှန်းမသိ၊ အပြင်သို့ထွက်လာသော ဆရာကြီးတစ်ယောက်တွေ့သည်နှင့် ကျောင်းအပ်ချင်သည့်အကြောင်းမေးမှ ထိုဆရာသည် မော်ကွန်းထိန်းဖြစ်ပြီး သူ့အခန်းထဲခေါ်သွား၏။ အဖေ၊ အစ်ကိုနှင့်ကျွန်တော် ကျောင်းအရင်အပ်ပြီး စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်ကြ၏။

ကျောင်းအပ်ပြီးသည်နှင့် မအိစုကို ဆက်ရှာကြသည်။ တွေ့ပါ၏။ အစ်မ၏ အခင်ဆုံးသူငယ်ချင်း များဖြစ်သည့် မသီတာ၊ မမမမိုးမင်း။ မအိ၊ မဘုံလုံ၊မထွေး နှင့်မသေးလေးတို့နှင့်အတူ မအိစုကို တွေ့ရပါ၏။ ကျွန်တော့်ကိုအားရပါးရ့  နှုတ်ဆက်ကြ၏။ အံ့အားသင့်ပြီး ကျွန်တော်ပျော်သွားသည်။သူတို့နှင့်အတူ ကိုစစ်ကြီးကိုစတွေ့၏။ စလင်းသားဖြစ်သည့် အညာသားကိုစစ်ကြီးမှာ ကျွန်တော်နှင့်မတူ။ မြို့သား ဖြစ်၍ ရန်ကုန်နှင့်လည်း ရင်းနှီးနေသကဲ့သို့ပင်။ကျွန်တော်တို့အားလုံးသူငယ်ချင်းများဖြစ်သွား၏။ ထို့နောက် စာသင်ခန်းများကို လိုက်ကြည့်ပြီး အစ်မတို့ကို နှုတ်ဆက်ကာ နောက်နေ့မှ လာမည်ပြောပြီး အဖေတို့နှင့်အတူ နေရာ မြောက်ဒဂုံအိမ်သို့ ပြန်လိုက်သွားတော့သည်။

ဆက်ပါဦးမည်။

နေကြာရိုး

Wednesday, March 24, 2010

နိစ္စဓူဝ

“မတ်လ ၂၀၁၀”

တီးတောင်၊တီးတောင်” ဖုံးမှ အချက်ပေးသံကို ကြား၍ အိပ်ယာထက်မျက်လုံးအစုံပွင့်လာ၏။ နံနက်၁၀ နာရီ ၃၅ မိနစ်။ တစ်ချို့နေ့များ ထမင်းဟင်း ချက်ဖြစ်၏။ ယခုလတွင်ကား နေ့လည်စာကို ၀ယ်စား၏။ အိပ်ရာထ ရေထသောက် ၀ိတ်လျော့ ပြီး နေ့လည်ဝတ်ရန် အ၀တ်အစားမီးပူတိုက်၏။ အီးမေးခဏချက်၏။

Google Talk ဖွင့်ပြီးအင်တာနက်ပေါ်ရောက်နေသောသူငယ်ချင်းများနှင့် ခဏလေဖုတ်၏။ ရေချိုး၏။ အ၀တ်အစားလဲ ဘုရားဖူးပြီး အိမ်ကနေ ထွက်ရ၏။ နေ့လည် တစ်နာရီပတ်ဝန်းကျင်။
နေထိုင်ရာ Jurong East Polyclinic မျက်နှာချင်းဆိုင် Block မှ Jurong East Ave 1 အတိုင်း ရှေ့ဆက်လျောက်ပြီး Blk 490 အနီး Food Court ၌ အသားဟင်းတစ်မျိုး အသီးအရွက် နှစ်မျိုးနှင့် ထမင်းစား၏။ 2.3 s$ ပေးရ၏။

စားပြီး မျက်နှာချင်းဆိုင် ဘတ်စ်ကားမှတ်တိုင်သို့ သွားပြီး ၉၉၊ ၅၀၂ အလာကို စောင့်ရင်းအိတ်ထဲ၌ အမြဲလိုလိုပါလာသည့် Reder's Degest ကို ဖွင့် ပြီး ဖတ်နေ၏။

၂ မိနစ်မှ ၁၀ မိနစ်ခန့်စောင့်ရ၏။ ၅ မှတ်တိုင်စီးပြီး လျှင်အလုပ်ကိုရောက်၏။ နံပါတ် ၉၉ စီးလျှင် ၆၉ ဆင့်ကုန်၏။ နံပါတ်၅၀၂ စီးလျှင် ၁ဒေါ်လာနှင့် ၂၀ ဆင့် ကုန်၏။

သုတ်သုတ်သုတ်သုတ် လမ်းလျှောက်ရင်း အလုပ်သို့ရောက်၏။ တံခါးကို Access ကဒ်နှင့်ဖြတ်ပြီး ၀င်ရ၏။ အစားအသောက်အခန်းထဲဝင်ပြီး ရေသောက်ပြီး အထဲရှိ လုပ်ဖော်ကိုင်ဖက်များအား နှုတ်ဆက်၏။
ပြီးClinical Laboratory ရှိရာ သွား၏။ နောက်ထပ် တံခါးတစ်ဆင့်ထပ်ပြီး Access ကဒ်ဖြတ်ရ၏။ ပြီးလျှင် အိတ်နှင့် ပစ္စည်းများကို ကိုယ့်လော့ကာနှင့်ကိုယ် သိမ်းရ၏။ Lab Coat (ဂျူတီကုပ်) ၀တ်သည့်အခန်းသို့ တစ်ခါ Access ကဒ်ထပ်ဖြတ်ပြီး ၀င်ရ၏။ အ၀တ်အစားလဲ၊ လက်ဆေးပြီး Clinical Lab ထဲရောက်ဖို့ တံခါးတစ်ခါထပ်ဖြတ်ရ၏။ အထဲရောက်ရောက်ချင်း တာဝန်ကျရာ Chemistry Dept ဆီသို့သွား၏။Safety Gloves ကို ၀တ်ပြီး အလုပ်ကို ပြေးလွှားလုပ်ရတော့၏။
.Reagent Lots, Linearity lots expiry.
.Daily QC in-used lots and expiry
.Evaluation lots
.Morning Start-up QC acceptability checking and verification of QC and Calibration.
.Running Machine and Interpretation of patients results and Reporting results

လုပ်နေရတော့၏။ နေ့လည် နှစ်နာရီမှ ည ၁၀ နာရီထိ ဖြစ်သောငြား တစ်ခါတစ်ရံ ညနက်၏။
အပြန်တွင် အလုပ်မှ ပေးသော တက္ကစီ ကိုစီးပြီး အိမ်ပြန်လာ၏။ ၁၀ မိနစ်လောက်ကြာလျှင် အိမ်ပြန်ရောက်၏။
ရေမိုးချိုး ညစာစား ကွန်ပြူတာဖွင့်ပြီး အီးမေးစစ်၏။ တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် Google talk မှ ခဏတွေ့၏။စာခဏဖတ်ပြီး အိပ်ယာဝင်၏။ နံနက် ၂ နာရီ။



“အလုပ်သွားခါနီး ပြာတိပြာယာရေးလိုက်မိ၏။”

နေကြာရိုး