Monday, November 30, 2009

၁။အမ်အာရ်တီ ရထားစီးရင်း အမှတ်တရများ ( စိတ်ကူးအတို အထွာများ)

လွန်ခဲ့သော တစ်နှစ်ကျော်လောက်ကဖြစ်၏။ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် အလုပ်လုပ်စဉ်အချိန်။ ပထမဆုံးအလုပ်ဖြစ်သောကြောင့် အထာသိပ်မသိသေးသောကာလ။ ရေသောက်ဖို့လည်းမေ့၏။ အပေါ့အလေးသွားဖို့လည်းမေ့၏။ အလုပ်ကို ကြိုးစားလုပ်ရင်း မသိသေးသော အသစ်အသစ်များကို အာရုံစိုက်လေ့လာနေရသောစိတ်တို့ကြောင့် ၀မ်းချုပ်သည်ကိုလည်း မေ့နေပါ၏။ အေးသော အခန်းထဲတွင် နေရသောကြောင့်တစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေးသတိမထားမိသောကြောင့်တစ်ကြောင်း နှုတ်ခမ်းကွဲလာမှသာ ကိုယ့်ကိုယ်ကို သတိမူမိသည်။ အလုပ်သို့သွားရန် မိုးမလင်းခင် ရေနွေးသုံးပြီး ရေချိုးဖြစ်သည်။ မနက်အစောကြီး ထမင်းချမ်းစားသောအကျင့်မရှိသဖြင့် ကော်ဖီတစ်ခွက်နှင့် ဘီစကစ် တစ်ချပ်နှစ်ချပ်စားပြီး အ၀တ်အစားလဲကာ ရထားဘူတာသို့ လိုင်းကား၎ မှတ်တိုင်စီးပြီးနောက် ရထား၁၅ ဘူတာလောက်စီးပြီးမှ အလုပ်သို့ရောက်၏။ အလုပ်ရောက်လျှင်လည်း လော့ကာထဲအိတ်ထည့်ပြီး ဂျူတီကုတ်ကမန်းကတမ်းဝတ်ကာ အလုပ်စရ၏။ သောက်ရေဗူးယူရကောင်းမှန်းမသိသောကြောင့် ရေသောက်ချိန်လည်းမမှန်ဖြစ်ခဲ့သည်။ ညနေ ခုနစ်နာရီခန့်တွင် အိမ်သို့ ရထားနှင့်ပြန်ရ၏။

အလုပ်သွားလိုက် အိမ်ပြန်လိုက် လေးလလောက်ကြာမြင့်လာပြီး တစ်နေ့သောညနေတွင် အမ်အာရ်တီ ရထားစီးရင်း ထိုင်ခုံမရသောသဖြင့် လက်ကိုင်ခိုင်းကို ကိုင်ပြီးစီးလျက်တငြိမ့်ငြိမ့် ဟိုစဉ်းစားဒီစဉ်းစားနှင့် မျက်စိအစုံက ရှေ့ထိုင်ခုံပေါ်မှ မိန်းကလေးတစ်ယောက်၏ ခြေဖမိုးနှစ်ဖက်ကို ကြည့်နေမိ၏။ သူမသည် အာရှမျက်နှာနှင့် အ၀တ်အစားကို ရုံးတက်ဝတ်စားဖြင့်။ စကပ်နှင့် ကုပ်အင်္ကျီလည်းဝတ်ထားသည်။ ခဏအကြာတွင် ထိုမိန်းကလေး၏ ဘေးမှ ခရီးသည်တစ်ယောက်ထသွား၏။ တခြားသူများကိုဦးစားပေးသောအနေဖြင့် တခြားသူများကိုအထိုင်ခိုင်းပါသေးသည်။ မည်သူမျှ မထိုင်သဖြင့် ၀င်ထိုင်လိုက်၏။ ထိုမိန်းကလေးနှင့် ဘေးချင်းကပ်လျက်ဖြစ်သွားသည်။သူမမျက်နှာသည် အားနည်းပြီး ဖြူဖတ်ဖြူရော်ပုံပေါက်နေ၏။ ရထားနံရံကိုမှီလျက် စီးလာသော ထိုမိန်းကလေး၏ ခြေဖမိုးများမှာသိသိသာသာ ဖောင်းနေပြီး ပုံမှန်မဟုတ်မှန်းသိသာ၏။ မြေအောက်လမ်းတစ်လျောက်စီးလာကြ၏။ ခဏကြာသော် သူမဆီသို့ ဖုံးဝင်လာပြီး မြန်မာလို ပြန်ပြောမှ မြန်မာမိန်းကလေးမှန်းသိရလိုက်ရ၏။

ဖုံးချသွားပြီးနောက် သူ့ကျန်းမာရေးအခြေအနေမှန်ကို မေးကြည့်ချင်လာသည်။
“အစ်မ နေကောင်းရဲ့လား။ ”ဟု မေးလိုက်ပါ၏။
ထိုအချိန်မှ သူ့အကြောင်းပြောပြပါ၏။ ”ကျမလည်း ခြေထောက်ရောင်နေတယ်လို့ထင်နေတာ။ ပြီးခဏခဏလည်းမူးတယ်။ အလုပ်က စလုပ်တာ နှစ်လလောက်ပဲရှိသေးတယ်။ စားရင်းကိုင်အလုပ်ပါပဲ။ ရန်ကုန်မှာ စီပွားရေးမေဂျာနဲ့ပြီးပြီးချင်း ဘာသင်တန်းမှလည်းမတက်ဘဲ အတွေ့အကြုံလည်းမရှိဘဲဒီထွက်လာပြီးအလုပ်ရှာတာ ရသွားတယ်။ ခုတော့ အလုပ်ထဲမှာက အားလုံးကို အသစ်တွေလိုလေ့လာနေရတာ။ ပြောတာဆိုတာကလည်း စစချင်း သိပ်အဆင်မပြေဘူး။ ရေလည်းသောက်ဖို့မေ့တယ်။ ထမင်းလည်း မစားနိုင်ဘူး။ စိတ်ဖိစီးမှုတွေများတယ်။ အိမ်ရောက်တော့လည်း အိပ်လို့သိပ်မပျော်ဘူး။ စားလို့လည်း သိပ်မရဘူး။” စသဖြင့် ပြောပြပါ၏ ။
တတ်နိုင်သလောက်အကြံပေးလိုက်ပါ၏။ ရေများများသောက်ဖို့၊ အလုပ်ကို ရေဗူးယူပြီး မကြာမကြာရေသောက်ဖို့ ဆီးဝမ်းလည်းဂရုစိုက်ဖို့ ဗိုက်တာမင်အားဆေးသောက်ရင်ပိုကောင်းကြောင်း စသဖြင့် အကြံပေးလိုက်ပါ၏။

အင်တာချိန်းရောက်လာသောကြောင့် ရထားပေါ်မှဆင်းပြီး လမ်းကွဲသွားတော့သည်။ထိုအစ်မမှာ အစိမ်းရောင်လိုင်းအတိုင်း ဘွန်လေး ဘူတာထိဆက်ပါသွား၏။ အနီရောင်လိုင်းရထားစောင့်ရင်း တစ်ကိုယ်တည်း ကြိတ်ပြီး တွေးနေမိသည်။ အလုပ်စစချင်း ရေသောက်ရန်မေ့ဖူးသော၊ ရေဗူးမယူဖူးသော၊ အပေါ့အလေးသွားဖို့ သတိမရသော ကိုယ့်ကိုယ့်ကို တွေးရင်းတွေးရင်း.... “ငါလည်း ဒီလို ဖြစ်လိုက်သေးတာပဲ။ နှခမ်းပဲကွဲတာ။ တော်ပါသေးရဲ့။”

ရထားရောက်လာပြီ။ လူများက ကြပ်သိပ်နေ၏။ “တက်တက်တက်တက်” ဟု တံခါးမပိတ်ခင် ရထားမြည်သောအသံကြောင့်ရှေ့သို့အနည်းငယ်တိုးပြီး ကြပ်ကြပ်နှင့် အိမ်ပြန်လာခဲ့ပါတော့၏။

ဆက်ပါဦးမည်.....
နေကြာရိုး

နေကြာရိုးကို ရှာဖွေတွေ့ရှိခြင်း

ည ၁၀ နာရီကျော် အလုပ်ပြန်လာသော ကျွန်တော့အဖို့ သူငယ်ချင်းများနှင့် အလုပ်အပြန်တွေ့ဖို့အခွင့်အရေးမှာ နည်းပါးသွားခဲ့ရ၏။ တက္ကသိုလ်မှ ကျောင်းနေဖက်သူငယ်ချင်းများ အခြားသူငယ်ချင်းများနှင့်တွေ့ချင်လျှင် သူအားချိန် ကိုယ်အားချိန်တို့ကို ညှိပြီး ချိန်းကြရ၏။ သောကြာ၊စနေ စသော အားလပ်ရက်မတိုင်မီနေ့များတွင်သာ အလုပ်နှင့် မဝေးလှသည့် ရွာမှ သူငယ်တန်းတည်းက ကျောင်းနေဖက်သူငယ်ချင်းများရှိရာသို့ အလုပ်အပြန်ဝင်ပြီးဒီအကြောင်း၊ဟိုအကြောင်း ရွာအကြောင်းစသော စိတ်ထဲရှိသမျှ စကားစမြည်ပြောခြင်းတို့ဖြင့် စိတ်အပန်းပြေခဲ့ရ၏. စကားပြောကြသည့်အခါတိုင်းတွင် ငယ်ငယ်ကအကြောင်းများကို ပြောဖြစ်သည်က များ၏။ သေချာစဉ်းစားကြည့်လျှင် ငယ်ငယ်က ဖြတ်သန်းခဲ့သော အညာဒေသ ကလေးတစ်ယောက်ဘ၀ပုံရိပ်များသည် သဘာဝကြီးနှင့် ရင်ဘောင်တန်းခဲ့သောအချိန်များက ပြည့်နှက်လျက်။

ကျွန်တော်နေသော အခန်းထဲရှိ ဗီရို အံဆွဲထဲတွင် စာအုပ်တစ်အုပ်အမြဲရှိ၏။ အတွင်းတွင် နက်ခ်တိုင်နှင့် ရှပ်အင်္ကျီအဖြူရောင်နှင့် အပေါ်မှဂျူတီကုတ်အဖြူရောင် ရှည်ရှည်ကိုဝတ်ထားလျက် ဘောင်းဘီအနက်ရောင်ဖြင့်စမတ်ကျလှသော အနောက်တိုင်းသားတစ်ယောက်၏ ပုံပါသော ကြွေသားစက္ကူဖြင့် အဖုံးချုပ်ထားသည့်ထိုစာအုပ်လေး ဖြစ်၏။ အဖုံးချုပ်ထားသည်မှာ ၁၅ နှစ်ကြာလာပြီ။ ကဒ်ထူအဖုံးဖြင့်ချုပ်ထားသောကြောင့် အတွင်းစာရွက်သားများမှာ ညိုညစ်ညစ်ဖြစ်ရုံမှလွဲပြီး အရင်အတိုင်းပင်ရှိသေး၏။ ထိုစဉ်က ဗလာစာအုပ်တစ်အုပ်ဝယ်ချင်လျှင်ပင် အမေ့ခမျာ ပဲနောက်စိမ်းနို့ဆီတစ်ဗူးသွားရောင်းပြီးရသောပိုက်ဆံဖြင့် စာအုပ်သွားဝယ်ရ၏။ ခြောက်တန်းကျောင်းသားဘ၀ က ပထမဆုရထားသေား ဗလာစာအုပ် ခြောက်အုပ်အား ကျောင်းစာတို့ရေးပြီးကြာလျင် ပစ်လိုက်ရမည်ကို နှမြောခဲ့၏။ စိတ်ထဲရှိသမျှတို့ကိုရေးရန်ဆိုသော ကလေးဘ၀စိတ်ကူးဖြင့် မြို့သို့ စက်ဘီးနှင့်သွားပြီး ချုပ်ထားသောစာအုပ်လေးလည်းဖြစ်၏။ ထိုစဉ်က ကျွန်တော့အသက် တစ်ဆယ့်သုံးနှစ်ပင်ရှိသေး၏။ ထိုအချိန်မှစရျှ် ယနေ့ထိ ကြိုကြားကြိုကြား ရေးထားသောစာမျက်နှာများကို ပြန်ဖတ်ကြည့်လျှင် ကလေးတစ်ယောက်အရွယ်ရောက်လာသော စိတ်ဖြစ်စဉ်တို့ကို အထင်းသားတွေ့ရ၏။ စိတ်အားငယ်စရာကြုံတိုင်း ထိုစာအုပ်လေးမှာ ကျွန်တော့်အဖော်ဖြစ်ခဲ့ရ၏။

ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူး၏။ စာအုပ်မျက်နှာဖုံးပေါ်က ပုံထဲကလူကဲ့သို့ ဘောင်းဘီးအနက်ရောင်၊ ရှူးဖိနပ်အနက်ရောင်၊ ဂျူတီကုတ်အဖြူရည်ရှည်ကြီး၊ မျက်မှန်တပ်လျက် ရေခဲသေတ္တာကြီးရှေ့မှာ စာအုပ်ဖွင့်ပြီး စာရင်းတွေစစ်နေသကဲ့သို့ စသော အတွေးတို့က စာရေးတိုင်း ပေါ်ခဲ့ဖူး၏။ ပြီးလျှင် ဒီစာအုပ်နှင့်အပြည့်စာတွေရေးပစ်မည်။ စာရေးဆရာလုပ်ချင်သည် စသော ကလေးဘ၀ အတွေးတစ်ချို့ကို ယနေ့တွင် ပြန်မြင်ယောင်မိ၏။

၁၅ နှစ်သာဖြတ်သန်းလာသောကျွန်တော့် စာအုပ်လေးလည်း စာမျက်နှာများ ပြည့်တော့မည်ဖြစ်၏။ ကျွန်တော်စိတ်တွင် ဈေးကြီးပေးဝယ်ရသော ဒိုင်ယာရီစာအုပ်တို့ကိုလည်း ကျွန်တော်မတပ်မက်ချင်တော့။
ကွန်ပြူတာအင်တာနက်ကိုလည်းထိတွေ့ခွင့်ရနေပြီ။ မြန်မာစာလုံးတို့ကို အင်တာနက်စာမျက်နှာများပေါ်သို့ ရေးချတတ်နေပြီ။ ကျွန်တော်တစ်ယောက် စာရေးချင်သောစိတ်တို့က တသောသော ပေါ်တိုင်း ဘလော့လုပ်ချင်စိတ်ကလည်း တဖွားဖွားဖြစ်ခဲ့၏။ နိုင်ငံရပ်ခြားတွင် ရုန်းကန်နေသောအချိန်တို့ပြည့်နှက်နေသည်မို့ ကွန်ပြူတာကို ဘလော့ရေးရန် သီးသန့်အချိန်ပေးမသုံးနိုင်ခဲ့။

ဘလော့ရေးမည်ဟုစဉ်းစားတိုင်း ကလောင်ဖြင့်လည်း ရေးချင်၏။ ကျွန်တော်စာမရေးခင် ကလောင်ကို အရင်ရှာရမည်ဆိုသော စိတ်ကူးက စိမ့်ဝင်လာ၏။ စကာင်္ပူအထွေထွေဆေးရုံကြီးတွင် အလုပ်လုပ်စဉ်က လူနာလာမေးကြသော ဆွေမျိုးမိတ်ဆွေတို့က ပန်းခြင်းကြီးများဖြင့် လာကြသည်ကို မကြာမကြာတွေ့ဖူး၏။ ဆရာဝန်ကြီးတို့နှင့် လာတွေ့သော အထူးဧည့်သည်တို့လည်း ပန်းခြင်းများယူလာသည်ကိုလည်း တွေ့ဖူးပါ၏။ တစ်နေ့တွင် လူနာလာမေးသော လူတစ်ယောက်၏လက်ထဲတွင် နေကြာပန်းများ အပြည့်ဖြင့် တစ်ခြင်းလုံးအလှဆင်ထားသော ပန်းခြင်းကြီးကိုကြည့်ပြီး ကလေးဘ၀က အညာဒေသ နေကြာစိုက်ခင်းထဲ ကစားခဲ့သော ပုံရိပ်တို့ ပေါ်လာကာ တစ်ကိုယ်တည်းမေးခွန်းတို့ပေါ်ပေါ်လာ၏။ တောထဲတောင်ထဲတွင် နေပူကျဲကျဲအောက် လူသူစိတ်မ၀င်စားသော နေကြာပန်းတို့ကို လူနာများဆီသို့လာသူများ ၊ ဆရာဝန်များဆီသို့လာသော အထူးဧည့်သည်များ ဘာကြောင့်ယူလာသနည်း စသည်ဖြင့် အတွေးတို့ပေါ်လာပြီး စိတ်ဝင်စားလာခဲ့၏ ။

အညာတွင်နေစဉ်က သာမန်မျှ ဖြစ်သော်လည်း ယခု စိုက်ပျိုးရေးတစ်စုံတစ်ရာ မြင်ကွင်းတို့မရှိလှသော စကာင်္ပူနိုင်ငံတွင် နေကြာပန်းတို့ကို မြင်တိုင်း အားရှိသလို ကျွန်တော်လည်းခံစားရ၏။ မိတ်ဆွေတစ်ချို့ကိုလည်းမေးဖြစ်ခဲ့၏။ သူတို့တစ်ချို့လည်း အလားတူခံစားကြရသည်ဟု ပြောကြပါ၏။

ကျွန်တော်ကလောင်ရပြီ။ ကျွန်တော့်ကဲ့သို့ အားလုံးကို စိတ်အပန်းပြေစေသော ခံစားချက်တို့ ပေးစွမ်းနိုင်ရန် မြေကြီးမှ ဆီဖြစ်သည်အထိ အားထုတ်ရမည်ဆိုသော ပေါ်လာသောအားတစ်စသည် ကျွန်တော့အား နေကြာရိုး ဟူသော ကလောင်တစ်ချောင်းကို ပေးစွမ်းခဲ့ပါ၏။

ကျွန်တော့်စာများ စာရွက်သားများပေါ်သို့ရောက်နိုင်မည့်အရည်အသွေးမရှိမချင်း http://naygyaryoe.blogspot.com/တွင် နေကြာရိုးတစ်ယောက် လေ့ကျင့်နေပါအုံးမည်။

ချစ်စွာသောစာဖတ်မိတ်ဆွေများအား ရိုသေစွာဖြင့်

နေကြာရိုး