Wednesday, December 30, 2009

၂။ပုံတောင်မြေမှ သည် ရွှေတိဂုံဘုရားရှိရာမြေဆီသို့( နေကြာရိုး မှ အဆက်))

ဂလုံ.. ဂလုံ.. ဂလုံ. .”. ဟူသည့် နွားခြူသံတို့နှင့်အတူ ဝေလီဝေလင်း၌ အဖေ၊ ကျွန်တော်နှင့် အစ်ကိုအကြီးဆုံး သားအဖသုံးယောက် ၆ မိုင်ဝေးသည့် မြိုင်မြို့ဆီသို့ ရောက်လာခဲ့ကြသည်။ နံနက် ငါးနာရီ ခွဲ အစောဆုံး မြိုင်- ပခုက္ကူ လိုင်းကားမှီ ရန် မြို့လယ်ခေါင် ဈေးနှင့် ပန်းခြံ အနီးရှိ ကားဂိတ်သို့ “ တောင်ဘို့၊ ကံကောင်း” ဆိုသော ကျေးဇူးရှင်အဖြူရောင် နွားညီနောင်တစ်ရှဉ်း၏ အားစိုက်မှုတို့နှင့်အတူ ကျွန်တော်တို့ အချိန်မှီ ကားဂိတ်သို့ရောက်ခဲ့ကြသည်။ ကားလက်မှတ် နှစ်ယောက်စာအဖေ၀ယ်လိုက်သည်။ သေတ္တာနှင့် အထုပ်တို့ကို ကား၏ အမိုးငြမ်းပေါ်သို့ တင်လိုက်၏။ မလှမ်းမကမ်းတွင် အစ်ကိုကြီးက လှည်းကိုခေတ္တ ရပ်ထားပါသည်။ နွားလှည်းနှင့်မလှမ်းမကမ်းတွင် ဘယာကြော်၊ ပဲကပ်ကြော်၊ ဗူးသီးကြော် ရောင်းနေသော အကြော်သည် အဒေါ်ကြီးဆီမှ တစ်ဆယ်ဖိုး လေးခု ရသဖြင့် နှစ်ဆယ်ဖိုး ၀ယ်လိုက်သည်။ အစ်ကိုကြီးကို ၃ ခုပေးသော်လည်း အစ်ကိုကြီးက တစ်ခုသာယူပြီး စားသည်။ ရွာအပြန်ဈေးဝယ်ပြီး နွားများနေမပူခင်ရွာပြန်ရမည်မို့ အစ်ကိုကြီး၏ နှုတ်ဆက်သံနှင့်အတူ လက်ပြလိုက်တော့သည်။

ကားစပါယ်ယာလည်း ခရာစမှုတ်လေပြီ။ အတွင်း၌လည်း လူအပြည့် ခေါင်မိုးပေါ်တွင်လည်း လူအလျှံဖြင့် မြိုင်- ပခုက္ကူလိုင်းကားသည် အညာဒေသ လိုင်းကားသရုပ်ပီပြင်လှ၏။ ဆောင်းလေအေးနှင့်အတူ ကားအမိုးငြမ်းပေါ်တွင် ထိုင်လာသောကျွန်တော် လမ်းဘေးဝဲယာရှိထန်းတောများ။ ထန်းတက်သမားကြီးများ။ သီးနှံသိမ်းပြီးစ မိုးမကျမီ ထွန်ရေးပြင်ရန်ယာတောသို့ ဝေလုဝေလင်းကတည်းက အလုပ်ခွင်ဝင်နေကြသည့် ကာယလုပ်သားကြီးများကိုလည်း တွေ့ရ၏။ အမှိုက်မီးရှို့နေကြသဖြင့်မီးခိုးတစ်လူလူ နှင့်ယာစည်းရိုးရှင်းလင်းနေသောမြင်ကွင်းတို့ကလည်း တစ်မျိုးတစ်ဖုံ။ မြေနီနီ ယာမြေကျယ်ကြီးများက ဘယ်ညာ ခင်းလျက်။ မြေနီလမ်းတစ်မျိုး၊ ကတ္တရာလမ်းတစ်လှည့် မောင်းနှင်နေသော လိုင်းကားကြီးကလည်းတအိအိ။ နဘဲပင် ၊ထနောင်းပင် ၊ ရှားပင်တို့ကလည်း လမ်းဘေးဝဲယာ ၀န်းရံလျက်။ တစ်ခါတစ်ရံ သစ်ကိုင်းမငြိအောင် ကြိုးစားပမ်းစား ခေါင်းကိုလည်းငုံ့ရှောင်ရပါသေး၏။ လမ်းဘေး ရွာစဉ်တစ်လျှောက်မှတ်တိုင်များရပ်ကာရပ်ကာဖြင့် သုံးနာရီအကြာတွင် “ပခုက္ကူမြို့မှ ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို စတွေ့ရသည်။ ဆောင်းရာသီဝင်စဖြစ်သဖြင့် လူတိုင်းအနွေးထည်ကိုယ်စီဝတ်ထားကြ၏။ ထဘီတိုတိုတို့ဝတ်လျက် ဒေါင်းတိမောင်းတိလမ်းလျှောက်ကာ ဈေးဝယ်လာကြသော ရွာပေါင်းစုံမှနံနက်စောစော ဈေးဝယ်များဖြင့်ပခုက္ကူမြို့သည် စည်ကားနေပါ၏။ ထနောင်းပင်ဂိတ်သို့ရောက်ပြီ။ ပခုက္ကူတက္ကသိုလ်ကြီးကိုလည်း အငွေ့အသက်နှင့်တခဏမြင်လိုက်ရသည်။ စက်ဘီးအလျိုလျို၊ ဆိုက်ကယ်တ၀ူးဝူး ဖြင့် တက္ကသိုလ်နယ်မြေတစ်ဝိုက် မြိုင်လမ်းတစ်လျောက် အတော်လူရှုပ်လှသည်။

ကျွန်တော်လည်း အစ်ကိုတို့ ဆောင်းရာသီ ရွာ အလှူပွဲလမ်းသဘင်တို့၌ လည်ပင်းပတ်ကာ ရှိုးထုတ်ရာတွင်သုံးခဲ့သည့် အစ်ကိုကြီးပေးလိုက်သော အစိမ်းရောင်အကွက်သိုးမွေးတဘက် လေးအား ခေါင်းတွင် ပတ်ထား၏။ ခြောက်လမ်းမှတ်တိုင်တွင် သားဖနှစ်ယောက်ဆင်းကြ၏။သံသေတ္တာကြီးတစ်လုံး၊ လျှော်ခြင်းတောင်းကြီးတစ်လုံး၊ အဖေ၏ ဘေးလွယ်အိတ်တစ်လုံးနှင့် ကျွန်တော့်လက်တွင် အထက်တန်းကျောင်းသားဘ၀ကလွယ်ခဲ့သည့် အစိမ်းရောင် သိုးမွှေးလွယ်အိတ်တစ်လုံးကို ကို ထုံးပြီး လက်တွင် မြဲအောင်စွပ်ထား၏။ အဖေ မြင်းလှည်းဆရာနှင့် ဈေးညှိနေ၏။
ဒဂုံဧရာ အဝေးပြေးကွင်းသွားမလို့ ပစ္စည်းသိပ်မများဘူး။ လူနှစ်ယောက်နဲ့ ဒါပဲပါတယ်။ ၁၅၀ ထားလိုက်ဗျာ” အဖေ၏ အသံကို မလှမ်းမကမ်းမှ ကြားနေရ၏။ မြင်းလှည်းဆရာလည်း နံနက်စောစော ဈေးဦးပေါက်ဖြစ်မည်ထင်၏။ ဈေးတည့်သွားပြီး သားအဖနှစ်ယောက် မြို့အနောက်ဖက်ခြမ်းရှိ ဒဂုံဧရာ အဝေးပြေးကွင်းသို့ မြင်းလည်းလေး တစ်ခွပ်ခွပ်ဖြင့် နှင်လာကြသည်။ မြင်းလှည်းနောက်ပိုင်းတွင် စီးလာသော ကျွန်တော်တစ်ယောက် ဟိုကြည့်ဒီကြည့်ဖြင့်။ ဒေါ်လေးမေ မြန်မာထမင်းဆိုင်၊ ပခုက္ကူအထက ၂၊ ကြေးသွန်းထားသည့်ဝံ့ဝံ့ကြွားကြွား မြင်းစီးနေသော ဗိုလ်ချုပ်အောင်ဆန်းပုံကြီးရှိသည့် ဗိုလ်ချုပ် ပန်းခြံ၊ မျက်မမျင်ကျောင်း။သိန်းတစ်ရာ ဦးအုံးဖေတိုက် စသည့် လမ်းတစ်လျှောက်မြင်သမျှသည် မြို့ပြနှင့် အတော်စိမ်းသောကျွန်တော့်အတွက် ထူးဆန်းစွာကြည့်ရင်း ပေါက်လမ်းတစ်လျှောက် မြင်းလှည်းတလှုပ်လှုပ်နှင့် လိုက်ပါလာခဲ့၏။

ကြီးမားသောပင်စည်ကြီးများနှင့် အရွက်တွေဝေေ၀ဆာနေသည့် ပေါက်လမ်းတစ်လျှောက် တမာပင်များက ကျွန်တော်ကို လက်ပြနှုတ်ဆက်နေသယောင်ယောင်။ အမေကိုယ်တိုင်ရက်ပြီး မြိုင်ဈေး၌ ချုပ်ပေးလိုက်သည့် စီလွန်လက်ရှည်အဖြူနှင့်အညိုအကွက်အင်္ကျီ၊ ချည်ချော အစိမ်းရောင်အကွက်တို့ဝတ်ထားသောကျွန်တော် သားရေဖိနပ်ကိုလည်းစီးထား၏။ရွာတွင် ဖျင်ချည်လုံချည်ကြမ်းကြမ်းဝတ်နေကျ၊ သစ်သားဖိနပ်တစ်ခွပ်ခွပ်စီးနေကျမို့ စိတ်ထဲတွင် မလုံမလဲဖြစ်နေမိသည်။ ခြေဖ၀ါးတို့တွင်လည်းဖုံအဖွေးသားနှင့် ခြေဆီများထွက်နေသည်ကိုလည်းသတိထားမိ၏။ တလှုပ်လှုပ်နှင့် အောင်နိုင်ဝင်း(ပခုက္ကူ-ရန်ကုန်) ကားဂိတ်သို့ မြင်းလှည်းဆရာ ၀င်လာမှ အဖေကကျွန်တော့်ကိုပြောပါ၏။ “လူလေး ကားဂိတ်ရောက်ပြီ။ ဆင်းပြီး မြင်းလှည်းဆရာကို လွယ်အိတ်ထဲက ပိုက်ဆံ တစ်ရာ့ငါ့းဆယ် ထုတ်ပေးလိုက်အုံး။” အဖေ၏ စကားအဆုံးတွင် ကျွန်တော် မြင်းလှည်းဆရာအားပိုက်ဆံပေးလိုက်ပါ၏။ အထုပ်တို့လျှော်ခြင်းတို့ကို တန်ဆာချိန်လိုက်၏။ အဝေးပြေးကားကြီးမှာ နံနက် ဆယ်နာရီခွဲမှ ထွက်မည်ဖြစ်သဖြင့် ကျွန်တော်တို့သားအဖနှစ်ယောက်အတွက် တစ်နာရီစောနေ၏။ တဖြည်းဖြည်းနှင့် နေထွက်လာသည်မို့ အချမ်းပြေ နေပူဆာလှုံရင်း ကားဂိတ်နှင့်မလှမ်းမကမ်းအနီးရှိ တမာပင်အောက်မှ လက်ဖက်ရည်ဆိုင်လေးသို့သွား၍ လက်ဘက်ရည်တစ်ခွက်စီ နှင့် စမူဆာ၊ အီကြာကွေးတစ်ပွဲစားကာ နံနက်ဆယ်နာရီခွဲသည်ကို စောင့်နေကြ၏။ သနပ်ခါးပွဲစားများကလည်း ထော်လာဂျီတို့ နှင့် သယ်လာသောသနပ်ခါးပင်များကို ပွဲရုံသို့တင်ကြချကြ။ ရန်ကုန်သို့ ကိစ္စအမျိုးစုံဖြင့် သွားကြမည့် ရှိးစမိုးအပြည့်နှင့် ခရီးသည်များကိုလည်းတွေ့ပါ၏။ တစ်ချို့လည်း ကျွန်တော်ကဲ့သို့ ဟိုကြည့်ဒီကြည့် ကြောင်တက်တက် နှင့် လူတစ်ချို့။ တစ်ချို့မှာ ရန်ကုန်တွင်နေပြီး မိဘများနေရပ်ဆီသို့ အလည်ပြန်လာကြသည်ဟုထင်ရသည်။ ဘောင်းဘီရှည် ရှူးဖိနပ်တို့နှင့် ကျွန်တော့်နှင့်ယှဉ်လျှင် အတန်းအစားတစ်ရပ်ခြားနေသကဲ့သို့။

မြင်မြင်သမျှကိုကြည့်ရင်းကြည့်ရင်းဖြင့် ကားစပါယ်ယာမှာ ခရီးသည်စာရင်းကို ခေါ်နေပြီဖြစ်သည်။ အဖေနှင့်ကျွန်တော့်အလှည့်သို့ရောက်ပြီ။ ခုံနံပါတ် ၃၈၊ ၃၉ ကျွန်တော်တို့နောက်တွင် နှစ်တန်းလောက်သာရှိတော့မည်။ နောက်ဆုံးမကျ အလယ်မကသောနေရာ။ မှန်ပြတင်းနှင့်နီးသောဘက်တွင် ကျွန်တော့်ကို အဖေက ထိုင်ခိုင်းပြီး အဖေက ကျွန်တော့ဘေးမှထိုင်သည်။ ခရီးသည်များလည်းစုံလင်ပြီဖြစ်သည်။ သီတဂူဆရာတော်ဘုရားကြီး ဦးဥာဏိဿရ၏ ပဋ္ဌာန်းတရားတော်ကိုဖွင့်ပြီး ဂိတ်မှစထွက်ခါစ တလှုပ်လှုပ်ဖြင့်စပြီးခရီးထွက်တော့မည့်အချိန်တွင် ရင်ထဲ၌ အိပ်ရေးတ၀အိပ်ပြီးမျက်နှာသစ်ခါစကဲ့သို့အရသာကိုခံစားလိုက်ရသေး၏။ အဝေးပြေးကွင်းမှ ပခုက္ကူပေါက်လမ်းမကြီးနှင့် တမာတန်းများကိုကျောခိုင်းပြီး ကျွန်တော်တို့သားအဖနှစ်ယောက်ပါလာသောအောင်နိုင်ဝင်းကားကြီးသည် မြို့၏ အနောက်ဖက်ဆီသို့အားအင်အပြည့်ဖြင့် စတင်ထွက်ခွါလာ၏။ ရင်ထဲတွင် ဟာတာတာနှင့် ကျန်ခဲ့သောတမာတန်းများကို ကားမှန်တံခါးမှ လှစ်ခနဲ လှစ်ခနဲကြည့်ရင်း ရွာတွင်ငိုလျက်ကျန်ခဲ့သော အမေ့ကိုသာ သတိရနေမိတော့သည်။

ဆက်ပါအုံးမည်။
နေကြာရိုး

Tuesday, December 29, 2009

ကျွန်တော်၏ ၂၈နှစ်ပြည့်မွေးနေ့ (စိတ်ကူးအတိုအထွာများ)


၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တနလာင်္နေ့

ဒီဇင်ဘာလ ၂၇ ရက် နေ့ညတွင် ရွာမှ အလုပ်လာလုပ်ကြသည့် ကျွန်တော်သူငယ်ချင်းများရှိရာသို့ အလည်ရောက်သွားဖြစ်ခဲ့သည်။ ည ၁၀ နာရီကျော်လာသဖြင့် အိမ်သို့ ပြန်ရန် လိုင်းကားမှတ်တိုင်သို့ ဆရာသန်းနှင့် ကိုဝင်းနိုင်တို့ ကျွန်တော့်ကို လိုက်ပို့ကြပါသည်။ ညနေအစောပိုင်းမှ စားထားသောညစာသည် ည၁၀ နာရီခန့်တွင် ပြန်ဆာလာသဖြင့် မှတ်တိုင်အနီးရှိ ၂၄ နာရီ စားသောက်ဆိုင်တန်းသို့ ကျွန်တော်တို့သုံးယောက် ၀င်လိုက်ကြသည်။ ကျွန်တော်သွား၍ မှာလိုက်ပါ၏။ ဆရာ နှင့် ကိုဝင်းနိုင်အတွက် ( Ice Lemon Tea) တစ်ခွက်စီမှာလိုက်၏။ ကျွန်တော်အတွက် ကြာဇံကြော် တစ်ပွဲ နှင့် ပုဇွန်လုံးကြော် ကို မှာပြီး ရွာအကြောင်းပြော၊ ရည်းစားတွေအကြောင်းပြောကြ ၂၀၁၀ နှစ်သစ်အတွက် ပြင်ဆင်ထားတာတွေပြောကြဖြင့် ည ၁၂ နာရီထိုးခါနီးဖြစ်သွား၏။ ညနက်လာသော်လည်း တစ်ဖက်ဆိုင်မှ မန်ယူနှင့် ဟူး အသင်းတို့၏ အကြိတ်အနှယ်ပွဲကို ဘီယာတစ်ခွက်၊ လက်ဖက်ရည်တစ်ခွက် စသဖြင့် လာရောက် သောက်ရင်း တိုက်ရိုက် ESPN မှ လွှင့်သောပွဲကို အနီးအနား အလုပ်သမား တိုက်တန်းမှ လာကြည့်ကြသော ကိုရွှေမြန်မာတို့၏ တ၀ါးဝါး အော်ပြီးအားပေးသံကဖြင့် မစဲသေးပေ။ ကျွန်တော်လည်း မန်ယူပွဲမို့ အိမ်ပြန်ပြီး ကြည့်ချင်သေးသည်ဆိုသည့် စိတ်က တစ်ကြောင်း၊ မနက်အလုပ်သွားရမည့် ဆရာနှင့် သူငယ်ချင်းတို့ အိပ်ပျက်မည်စိုးသဖြင့်တစ်ကြောင်း ၁၂ နာရီ ခန့်တွင် အိမ်ပြန်ရန် လိုင်းကားမှတ်တိုင်သို့ တာစူဖြစ်ခဲ့သည်။

နာရီကိုကြည့်လိုက်သောအခါ ဒီဇင်ဘာလ၂၈ ရက် ။ ယနေ့သည် ကျွန်တော့်၏ ၂၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါ၏။ Tou Guang Road မှ Bus No. 333 ကို စီးပြီး ကျွန်တော်နေရာ Jurong East Ave 1 ဆီသို့ ညသန်းခေါင် လိုင်းကားစီးပြီးပြန်လာခဲ့သည်။ လိုင်းကားပေါ်တွင် လူလေးဦးခန့်သာ ရှိပြီး ကားအတွင်း လွှတ်ထားသော လေအေးစက်ကြောင့် အတော်လည်းအေးလှသည်။

လိုင်းကားပေါ်မှ သီချင်းနားထောင်လာသော ကျွန်တော်တစ်ယောက်အိမ်သို့ တရေးရေး လမ်းလျှောက်လာရင်း ခဏတွင် ဖုံးတစ်ကော ၀င်လာ၏။ ထိုင်းမှ မြန်မာသူငယ်ချင်းတစ်ယောက်ဖြစ်၏။ Happy Birthday ကို ပထမဆုံးပြောသွား၏။ ခဏစကားစမြည်ပြောရင်း နေသော တိုက်ခန်းဆီသို့ရောက်လာ၏။ မပြီးသေးသော ဘောလုံးပွဲကို ခဏဆက်ကြည့်ပြီး အားပေးသော မန်ယူလည်း ၃း ၁ ဖြင့် နိင်သွားသည်။

တနလာင်္နေ့နားရက်ဖြစ်သဖြင့် ကွန်ပြူတာခဏသုံးမည်ဆိုသောစိတ်ကူးဖြင့် ကွန်ပြူတာကိုဖွင့်ပြီး တက်လာသောဝင်းဒိုးကို စောင့်ရင်းဖြင့် ကျွန်တော်အိပ်ပျော်သွားတော့သည်။

နေ့လည် ၁၂ နာရီခွဲခန့်တွင် အိပ်ရာတွင်မှနိုးသည်။ အိပ်ရာထ ရေမိုးချိုး ဘုရားရှိခိုးပြီး အဖေနှင့်အမေ့ကို ကန်တော့လိုက်ပါသည်။ ပြီးနောက် Jurong Point ရှိသူငယ်ချင်းတစ်ယောက်ဆီသို့ သွားဖြစ်သည်။ KFC ကြက်ကြော်နှင့် ဘာဂါတစ်လုံး စားကြ၏။ပက်ပ်စီ အအေးတစ်လုံးစီစားသောက် ပြီးနောက်တွင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဖြင့် ဈေးဝယ် ခဏထွက်ကြသည်။ မွေးလတွင် မန်ဘာဝင်ထားသူတို့အား ၅၀ ရာခိုင်နှုံးလျှော့ဈေးပေးသဖြင့် Hang Ten ဆိုင်သို့ ခဏသွားပြီး အင်္ကျီတစ်ထည်ဝယ်လိုက်၏။

၎ နာ၇ီထိုးခန့်တွင် Boonlay MRT မှ ထွက်ပြီး မွေးနေ့တူသော ကျေးဇူးရှင် မြန်မာအန်တီကြီးရှိရှာSingapore General Hospital မှ သူငယ်ချင်းများဆီသို့ ရထားစီပြီး သွားတော့သည်။ လေးဖြူ၏ ဘင်္ဂလားပင်လယ်အော်ကို နားထဲတွင် တစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်ရင်း ဖုံးကိုလည်း Gtalk Chatting ကို ဖွင့်ပြီး မွေးနေ့ကို Happy Birthday ပြောကြသော မြန်မာပြည်မှ သူငယ်ချင်းများကို လည်း ပြန်ပြီး ၀မ်းသာအားရ ပြောရင်းဖြင့ှ် Singapore General Hospital ရှိရာ Outram Park MRT သို့ ရောက်သဖြင့် ရထားပေါ်မှ ထွက်ရင်း ယခင် အလုပ်လုပ်ခဲ့သော ထိုဆေးရုံ၏ အလုပ်သွားနေကျလမ်းတို့အား သတိရသလိုလို ဖြင့် သွားနေကျလမ်းအတိုင်း လျှောက်ရင်း ဘဏ်ကဒ်မှ ပိုက်ဆံတစ်ချို့ထုတ်ရန် ATM machine ရှိရာ အဆောင် ၅ ဆီသို့ လမ်းလျှောက်လာခဲ့သည။်

၅ နာရီခွဲမှ ချိန်းထားသဖြင့် နာရီဝက်လောက်အားစောင့်ရန် အနီးရှိ Pharmacy ဆိုင်အတွင်းသို့ဝင်၍ အအေးခန်းအတွင်းဆေးတန်းစီစောင့်နေကြသော သူတို့နောက်ဆုံးရှိ ထိုင်ခုံတစ်ခုံတွင် ထိုင်ရင်း Gtalk chatting ကို ဆက်ပြီး ချက်နေဖြစ်သည်။ ရန်ကုန်မှ အစ်ကိုအရင်းနှင့်တွေ့သဖြင့် ခဏပြောစာရေးနှုတ်ဆက်ရင်း sms တစ်စောင်ဝင်လာသဖြင့် အလုပ်မှ ပြီး၍ ထွက်လာကြသော သူငယ်ချင်းများရှိရာ တက်က်စီ စောင့်သည့်နေရာသို့ သွားဖြစ်လိုက်ပါသည်။

မခင်ခင်။ Doris( Filipino) , Pearleen ( singaporean) တို့နှင့် ကျွန်တော် Tan Ling Mall ရှိရာ သို့ ကားငှားရင်း Western Restaurant ဆိုင်သို့ သွားဖြစ်ခဲ့ကြသည်။ ဆိုင်မှာ အနောက်တိုင်းသား တို့က များသည်။ ဒီနိုင်ငံသားတစ်ချို့တစ်လေသာရှိလှသည။်ညနေ ၇နာရီထိုးခန့်အထိ ပြောရင်းစားရင်း ဖြင့် မြန်မာပြည်မှ ဗဟိုစည်က သူငယ်ချင်းများက ကျွန်တော်အတွက် ကျင်းပနေကျသည့် ကျွန်တော့်မွေးနေ့ပွဲအတွက် Happy Birthday ပြောဖို့ ညနေ ၅ နာရီခွဲသို့ ရောက်လာပြီဖြစ်သဖြင့် အဆင်သင့်ဝယ်လာသော ဖုံးကဒ်ကို ယူပြီး မြန်မာပြည်မှ သူငယ်ချင်းများဆီသို့ ဖုံးဆက်ဖြစ်လိုက်ပါသည်။

တစ်ယောက်ပြီးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ပြောကြရင်းဖြင့် ဖုံးချလိုက်ပါသည။် ခဏအကြာတွင် ကျွန်တော်စားနေသောဆိုင်မှ ၀န်ထမ်းများက ကိတ်မုန့်တစ်လုံးအား ဖယောင်းတိုင်ထွန်းပြီး အဖွဲ့လိုက် " Happy Birthday To You" ဆိုပြီး သံပြိုင် သီဆိုရင်း အမှတ်မထင် ကျွန်တော့်ဆီသို့ လာပြီး မွေးနေ့ဆုတောင်းလုပ်ပေးကြပါသည်။ ကျွန်တော် အမှတ်မထင်အံအားသင့်ပြီး ပျော်လည်းပျော်မိသည်။

င်္အားလုံးစားသောက်ပြီး အန်တီနှင့် ကျွန်တော် ကုန်ကျသော Bill ကို တစ်ဝက်စီ ခံလိုက်ကြသည်။

ပြီးနောက် Orchard Roadအတိုင်း ဆက်လျှောက်လာရင်းဓါတ်ပုံတစ်ချို့ရိုက်ပြီး Orchard MRT စီးကာ အိမ်သို့ပြန်လာဖြစ်ကြသည်။

အနီရောင်မှ အစိမ်းရောင်သို့ City Hall MRT တွင် ပြောင်းရသဖြင့် စီးတီးဟောတွင် ခဏဆင်းပြီး အန်တီနှင့် ပါလင်းတို့အားနှုတ်ဆက်ပြီး မြန်မာ ငွေလွှဲဆိုင်များရှိရာ Pennisula Plaza သို့ ခဏ၀င် ပြီး ရန်ကုန် တာမွေရှိ မွေးစားအဖေဆီသို့ တစ်သိန်းပို့ကာ ဖုံးဆက်ပြီး ကန်တော့လိုက်သည်။

ရထားစီးရင်းဖုံးပြောလျှင် ကိုယ့်အသံကိုယ်ကျယ်လှသည် ဟု ကိုယ့်ကိုယ်သိသောကြောင့် Taxi ငှားပြီး ကားထဲ၌ မွေးစားအဖေဆီသို့ သတိရကြောင်း ကျန်းမာရေး အကြောင်း၊ အလုပ်အကိုင်အကြောင်းပြောကြရင်း Chinese Garden ရှိ ကျွန်တော်နေသော တိုက်ဆီိသို့ ည ၁၀ နာရီခွဲခန့်မှ ရောက်ဖြစ်တော့သည်။ ဖုံးကဒ်ကုန်အောင်ပြောပြီးမှ အိမ်ပေါ်သို့တက်ဖြစ်ခဲ့၏။ အိမ်ပြန်ရောက်သော် အိမ်ရှင်လင်မယားနှောင်ဂျိန်ချနေသဖြင့် မွေးနေ့ ကုန်ရန် ၁ နာရီခွဲခန့်အလိုတွင် ရန်ဖြစ်သံများမကြားချင်သဖြင့် အခန်းကို လုံအောင်ပိတ်ပြီး အဲကွန်းဖွင့် ကာ မေးခဏစစ်ရင်း Gtalk ကို ဖွင့်ဖြစ်လိုက်သည်။
ကျွန်တော်စာသင်ခဲ့ဖူးသော တပည့်တစ်ယောက် Happy Birthday ပြောဖို့စောင့်နေသည်ကို တွေ့ရသဖြင့် ၀မ်းသာအားရ ဖုံးဆက်စကားပြောရင်း ဒီဇင်ဘာ ၂၈ ရက် ည ၁၂ နာရီထိုးသွားတော့သည်။

ထို့နောက်တွင် ရေးလက်စနေကြာရိုးပေါ်တွင်၂၈နှစ်ပြည့်မွေးနေ့အတိုအထွာတို့ကို ကောက်ကာငင်ကာရေးချလိုက်မိတော့သည်။

နေကြာရိုး

Friday, December 18, 2009

၁။ တက္ကသိုလ် ကြီးဆီမှ အကြောင်းကြာစာ ( နေကြာရိုး )


၁၉၉၉ စက်တင်ဘာလဆန်းခါစအချိန်။ ဆေးသိပ္ပံဦးစီးဌာနမှ လျှောက်လွှာများစတင်ပေးနေချိန်ဖြစ်ပါ၏။ ရန်ကုန်မှ ကျွန်တော့်အတွက် ရှေ့ပြေးကြိုးစားအလုပ်လုပ်နေရှာသည့် အစ်ကိုလတ်၏ အကူအညီ။ ဆေးဘက်ပညာသည်တက္ကသို်လ် ပဉ္စမအသုတ်တွင် တက်ရောက်ခွင့်ရခဲ့သည့် အစ်မ၀မ်းကွဲ၏ လမ်းပြမှုတို့နှင့်အတူ ဆေးတက္ကသိုလ်နှင့် လွဲခဲ့သောကျွန်တော်တစ်ယောက် လျှောက်လွှာတွင် ဆေးဝါးကျွမ်းကျင်၊ သူနာပြုအစရှိသည့် ရွေးချယ်စရာတို့ကို မကြည့်တော့ဘဲ ဆေးဘက်ပညာသည်တစ်ကြောင်းတည်းသာ ရေးပြီး လျှောက်ထားဖြစ်ခဲ့၏။ အမိတက္ကသိုလ်ကြီးမတက်မီ ဆယ်တန်းအောင်ပြီးစဖြစ်၏။ ကျောင်းဆရာအလုပ်ဝါသနာထုံလှသော ကျွန်တော်တစ်ယောက် သူငယ်တန်း၊အလယ်တန်းကျောင်းသားဘ၀တို့ကတက်ရောက်ပညာဆည်းပူးခဲ့သည့် ရွာဦးမှ တွဲဘက်အလယ်တန်းကျောင်းလေးတွင် လုပ်အားပေးကျောင်းဆရာတစ်ယောက်အဖြစ်စာသင်နေချိန်ဖြစ်ပါ၏။ ၅ တန်း ၆ တန်း ၇ တန်း ၈ တန်းစသောအတန်းများတွင် ၄၅ မိနစ် တစ်တန်းဝင်တစ်တန်းထွက် စာသင်နေရသည်ကိုပင်ပန်းသည်ဟု မထင်နိုင် ခေါင်းတွင်မြေဖြူမှုန်တို့က ဗလဗွအဖွေးသား ကျောင်းသားကျောင်းသူ ကလေးတစ်သိုက်နှင့် ပျော်နေသောအချိန်ပင်ဖြစ်၏။ နေ့ခင်းဘက် မုန့်စားကျောင်းဆင်းချိန်တို့တွင်လည်း ကလေးများက မုန့်ပင်မစားချင်ကြ။ ကျွန်တော်နှင့်အတူ ၀ိုင်းဖွဲ့ပြီး ပုံပြင်နားထောင်ကြရသည်ကိုနှစ်သက်နေကြသောကြောင့် ပုံပြင်စာအုပ်ကို မရိုးရအောင်ရန်ကုန်မှ အစ်ကိုလတ်ဆီ မှာယူရသည်အထိပင်။

၂၀၀၀ခုနှစ်အောက်တိုဘာလ ကုန်ခါနီး သီတင်းကျွတ်ကျောင်းပိတ်ရက်တို့ ပြန်ဖွင့်ခါစ အချိန်။ အားပြည့်မာန်ပြည့် နှင့် တွဲဘက်အလယ်တန်းကျောင်းလေးထဲ၌ ဖျင်ပုဆိုးအစိမ်းရောင် တက်ထရွန်အဖြူအင်္ကျီလက်တိုဝတ်ကာ သစ်သားဖိနပ်သံ တခွပ်ခွပ်နှင့် ရေစုံရေဆန်ပုစ္ဆာတို့သင်နေချိန်၊ မဟောသဓါဇာတ်တော်ကြီးတို့ ဖတ်ပြနေရချိန် ထရိုဂျန်စစ်ပွဲအကြောင်းတို့၊ ပထ၀ီကွန်တိုမြေပုံတို့၊ အက်တစ်ပက်ဆစ် စသည်စသည်တို့ဖြင့် အတန်းစုံ ဘာသာစုံတို့သင်ရင်း ပျော်နေချိန်တွင် ရန်ကုန်ဆေးဘက်ပညာသည်တက္ကသိုလ်သို့ကျောင်းတက်ရန် အကြောင်းကြာစာတစ်စောင် ရွာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့သည်။

လေးရက်မျှကြာလျှင် ရန်ကုန်သို့ သွားရတော့မည်ဖြစ်၏။ ရန်ကုန်ဆိုသော မြို့တော်ကြီးရှိတက္ကသိုလ်သို့ သွားရောက်တက်ရမည်မှာ ရင်ခုန်ရသကဲ့သို့ ကြောက်လည်းကြောက်နေမိ၏။ အမေ့ခမျာ ကျွန်တော်ဝတ်ရန် အင်္ကျီ လက်ရှည်လေးချုပ်ပေးရန်အတွက်ဆိုပြီး ရက်လက်စ ယက်ကန်းစင်မှ ဖျင်စတို့ကို အချိန်မီပြီးအောင်အားစိုက်နေ၏။ အိပ်နေကျအချိန်၌ပင် မအိပ်ဘဲ ဘက်ထရီမီးသီးတစ်လုံးကို ရက်ဖောက်တံတို့နှင့်ကပ်ထားပြီး တချပ်ချပ် ကြိုးစားပမ်းစားယက်နေရှာ၏။ အဖေနှင့်အစ်ကိုအကြီးဆုံးတို့လည်း မြို့ရောက်လျှင်ဆရာဆရာမတို့ကိုလက်ဆောင်ပေးရန်အတွက် သနပ်ခါးပင်တို့ကို လှီးကြဖြတ်ကြ၊ ပျားရည်စစ်စစ်လိုက်ဝယ်ကြ၊ ထန်းလျက်ကောင်းကောင်းဖြူဖြူတို့ကို သွားဝယ်ရဖြင့် ရသောအချိန်လေးရက်တွင် အလုပ်ရှုပ်နေကြတော့သည်။အဖေသည် ဘာတန်း စက်ဘီးလေးတစ်စီးနှင့် နှီးအုပ်ထုပ်ကိုဆောင်းလျှက် ဖျင်ပင်နီ လက်ရှည်ဝတ်ထား၏။ အမေ၏ လက်ဖြစ် ဖျင်ထည်ဆေးဆိုးချည်ပုဆိုးဖြင့် ကျွန်တော် ၉ တန်းကျောင်းတက်စဉ်ကသုံးသည့် သိုးမွှေးလွယ်အိတ်အပြာရောင်လေးကို ထုံးကာ စောစောစီးစီးထပြီး ၆ မိုင်ခန့်ဝေးသော မြိုင်မြို့ဆီသို့ ကျွန်တော့အတွက် ရန်ကုန်ကားလက်မှတ်ဝယ်ရန်ထွက်သွားရရှာပြီ။ မြိင်မှတစ်ဆင့် ၂၇ မိုင်ခန့်ဝေးသော ပခုက္ကူသို့ ထပ်ပြီး လိုင်းကားစီးရမည်ဖြစ်သဖြင့် ညနေမိုးချုပ်မှပင် ရွာသို့အဖေ ပြန်ရောက်မည်ဖြစ်၏။ မမတစ်ယောက်လည်း ရန်ကုန်အသွားထည့်ပေးလိုက်ရန် အခြောက်လှမ်းထားသည့်ငရုတ်သီးတို့ကို ငရုတ်ဆုံကြီးနှင့်တစ်ဖောင်းဖောင်းထောင်းရ မြေပဲတောင့်တို့ကိုလည်း အဆံနွှာပေးရ အ၀တ်အစားတို့ကို ရွာလယ်ပိုင်းက အပ်ချုပ်စက်သို့အပ်ပေးရနှင့် အလုပ်ရှုပ်နေတော့၏။ အငယ်ဆုံးဖြစ်သောကျွန်တော်တစ်ယောက် အားလုံးကို နိုင်သလောက်ကူလုပ်ပေးရင်း သိမ်းဆည်းစရာ စာအုပ်၊ကွန်ပါဗူး၊ မှတ်ပုံတင် ကတ်ပြား စသည်စသည်တို့နှင့် အလုပ်ရှုပ်နေ၏။ ပညာသင်ချင်သည့်စိတ်ပျင်းပြသည်ကတစ်ဖက်၊ ရွာမှ အမေတို့နှင့်ခွဲခဲ့ရမည်တို့ကိုတွေးရင်းတွေးရင်း ရင်ထဲ၌ ရင်တုန်စရာ ရင်ပူစရာ တို့နှင့်လည်း ပြည့်နှက်နေရ၏။

တဂျောက်ဂျောက်နှင့် ၂၀၀၀ ခုနှစ်အောက်တိုဘာလ ကုန်တော့မည်ဖြစ်၏။ ထိုရသော အချိန်လေးရက်သည်လည်းပြည့်ရန် တစ်ရက်ပင်လိုတော့၏။ ထိုနေ့သည်ကျွန်တော့်အတွက် ကြက်သီးမွေးညင်းထခဲ့ရသောနေ့ပင်ဖြစ်၏။ နံနက်မိုးသောက် ပြီ။ ရွာဦးမှ တွဲဘက်အလယ်တန်းကျောင်းလေးသို့ နောက်ဆုံးနေ့အဖြစ်စာသွားသင်ရမည့်နေ့ဖြစ်၏။ ထိုနေ့သည်ကားတနလာင်္နေ့ဖြစ်ပါ၏။ သို့ဖြစ်ရာ နံနက်တွင် အဆမ်ဘလီ စီရ၏ ။ ရွာအလယ်တန်းလေးသည် တနလာင်္နှင့် သောကြာ နှစ်ရက်တည်း အဆမ်ဘလီစီသောကြောင့်ပင်။ နိုင်ငံတော်အလံကိုအလေးပြုပြီး ကျောင်းအုပ်ဆရာကြီးမှ အစီအစဉ်တစ်ခုကို လုပ်ပေးခဲ့၏။ ၈ တန်းကျောင်းသားတစ်ယောက်မှ ထိုင်ခုံတစ်ခုံကိုယူပြီး နိုင်ငံတော်အလံရှေ့သို့ချပေး၏။ ကျောင်းအုပ်ဆရာကြီး အမှာစကားဖြင့် သူငယ်တန်းမှ ၈ တန်းထိကျောင်းသားအားလုံးသည် အဆမ်ဘလီ ကွင်းပြင်တစ်ခုလုံးအပြည့် ဆောင့်ကြောင့်လေးများထိုင်ပြီး နေနေကြ၏။ ကျွန်တော်တစ်ယောက်ရှက်ကိုရှက်ကန်းဖြင့် အလံတိုင်အောက်၌ ထိုင်ခုံပေါ်ထိုင်လိုက်ရ၏။ ကျောင်းအုပ်ဆရာကြီး၏ အစီအစဉ်ကို ကြိုတင်မသိထားသော ကြောင့် ကြောင်တောင်တောင် ကြည့်တက်တက်လေးဖြစ်ခဲ့ရ၏။ အတန်းလိုက်စုထားသော ငွေတို့ဖြင့် ကျွန်တော့်အတွက် အာစရိယ ပူဇော်ပွဲ ကို တစ်ခါတည်း မနက်အစောလုပ်ပေးကြသောကြောင့်ပင်။ သူတို့လေးတွေကန်တော့လိုက်သော ချည်ချောပုဆိုးနှစ်ထည်ကို ဒုတိယနှစ်တိုင် ကျွန်တော်ဝတ်ခဲ့ရ၏။ ဆရာကြီးမှ ရှေ့မှတိုင်ပေးပြီး ကျောင်းသားကျောင်းသူအားလုံးလိုက်ဆိုကြသော ကန်တော့ပေးသံသည် အဆမ်ဘလီကွင်းထဲအပြည့်ဖြစ်ခဲ့ပါ၏။ ထို မြင်ကွင်းသည် ကျွန်တော့်အဖို့ ကြက်သီးမွေးညင်းများထပြီး မျက်ရည်စို့ခဲ့ရသည်အထိပင်။ ဆုကို အသံကျယ်ကျယ်ပင်မပေးနိုင်တော့ဘဲ လက်ဝါးမျှသာ ပြပြီး သူတို့လေးတွေကို ထခိုင်းခဲ့ရသည်။ အတန်းအားလုံး၌ မျက်နှာညှိုးပြီး အသံအနည်းငယ်တိတ်နေကြသည်ကို ကျွန်တော် သတိပြုနေမိသော်လည်း“ အားလုံးကြိုးစားကြမယ်။ တို့ရွာလေး ပျော်စရာကောင်းလာအောင်တို့ဖန်တီးကြမယ်” စသည်ဖြင့် စာကို ကောင်းကောင်းမသင်နိုင်တော့ဘဲ နှုတ်ဆက်စကား အားပေးစကားတို့နှင့်သာ တစ်နေကုန်ဖောင်ဖွဲ့ခဲ့ရ၏။

မနက်ဖန်မနက် ရန်ကုန်သို့ ကျောင်းသွားတက်ရန် ပြင်ဆင်ဖို့ ညနေရောက်လာပြီဖြစ်၏။ တဖွဲဖွဲနှင့် မုန့်ဖိုး ၅၀၀ ၊ ၁၀၀၀ လာပေးကြသော ဦးကြီး၊ ဦးလေး ၊ ဒွေးလေး၊စသောဆွေမျိုးသားချင်းတစ်ချို့၊ အိမ်နီးနားချင်းတသိုက်တို့နှင့်အတူ ရွာလယ်ပိုင်းမှ ကျွန်တော်တို့အိပ်လေးသည် သန်းခေါင်ယံထိ ဘက်ထရီမီး ရောင်မှုန်မှုန်နှင့် တကြွက်ကြွက် ဖြစ်နေတော့၏။ ဦးကြီးဦးလေးဒေါ်လေး ဒေါ်ကြီးတို့ကို ညကတည်းက ကန်တော့ပြီး နှုတ်ဆက်လိုက်ပါ၏။ သို့သော်လည်း ခြင်းတောင်းများကို စည်းရ၊အိတ်တို့ကို စည်းရနှင့်အစ်ကိုကြီး၊ မမ အဖေ၊ အမေတို့မှာ အိပ်ချိန်ကိုမေ့နေကြ၏။ ည ၁၁ နာရီကျော်လာပြီဖြစ်ရာ ကြက်တွန်သံတို့က တစ်ရွာလုံးလိုလို တစ်အိမ်ပြီးတစ်အိမ်ရှိ အိပ်တန်းမှ ကြက်တို့က တအစ်အစ် တအီအီး တွန်နေကြ၏။ အားလုံးလိုလိုလည်း ပြီးသွား၏။ ငရုတ်သီးကြော် မြေပဲဆံထောင်းစသည့် ကျွန်တော့်အကြိုက်လေးများကို အမေက ပလတ်စတစ်ဗူးထဲထည့် ပြီး အိတ်တစ်ထပ်စွပ်ထည့်ပေးသည်က နောက်ဆုံးပါပေ ။

အစ်ကိုကြီးလည်း အိပ်ရာဝင်သွားပြီဖြစ်၏။ အဖေလည်း ဘုရားဝတ်တက်ပြီး အိပ်ရာဝင်ရန် အိမ်အပေါ်ထပ်တက်သွားပြီဖြစ်၏။ မမနှင့်အမေ အိပ်သော အိပ်အောက်ထပ်ကုတင်ပေါ်တွင်လည်း မမ အိပ်သွားပြီဖြစ်၏။ အိပ်ဧည့်ခန်းအနီးကုတင်ပေါ်အိပ်သည့် ကျွန်တော်လည်း အဖေနဲ့အမေကို ကန်တော့ပြီး အိပ်ရန်ကျောပင် စင်းနေပြီ။

အမေ့ခမျာ မအိပ်နိုင်သေးပေ။ ဘက်ထရီမီးလည်း အားကုန်သွားရှာပြီ။ ဖျင်ပင်နီလက်ရှည် ရင်ဖုံးအင်္ကျီဝတ်ထားပြီး ဖယောင်းတိုင်မီးအတိုတစ်ချောင်းကိုလက်ထဲတွင်ကိုင်လျက် ခြေသံ တစ်ယှပ်ယှပ်လျှောက်ကာ
“ လူလေး အိပ်တော့မှာလား ၊ အမေ မှာစရာရှိတာလေးတွေ အခုမှ အေးဆေးမှာချင်လို့ ပါ။ လူလေး မြို့ကြီးကိုရောက်ရင် ကားတွေကို ဂရုစိုက်အုံး၊ မတည့်တာတွေ မစားနဲ့။ ရန်ဖြစ်တတ်တဲ့သူတွေနဲ့ တွေ့ရင် ဝေးဝေးရှောင်၊ ကြောက်တတ်ရင် ၀န်ကင်းတဲ့ လူလေးရဲ့ ၊ အမေတို့ကို စိတ်တွေရောက်ပြီး လည်းနေမနေနဲ့ ကျန်းမာရေးကိုဂရုစိုက် ၊ ပိုက်ဆံလိုရင် လည်း အချိန်မရွေးမှာ ၊ အိမ်ကိုစိတ်ရောက်ပြီး ဟိုဟာမစားဒီဟာမစားနဲ့ချွေတာမနေနဲ့အုံး။ လူလေးကိုတော့ အမေပညာတတ်အောင်သာသွားခိုင်းတာပါ။ အမေကတော့ စိတ်မချပါဘူးလူလေးရယ်”
ဆိုပြီး တဖွဖွပြောနေရှာသည်။ ကျွန်တော် အိပ်ရာ မှ ရုတ်တရက်ထပြီး။ ဖယောင်းတိုင်မီးအရောင်နှင့် အမေ့မျက်နှာကို စေ့စေ့ကြည့်နေမိ၏။ ဇရာကစကားပြောလာပြီဖြစ်သဖြင့် ၆၀ အရွယ်အမေပါးပြင်၌ အရေးအကြောင်း အတွန့်အတွန့်တို့နေရာယူလာပြီ။ကျွန်တော်ငယ်ငယ်က ပြည့်ပြည့်ဖြိုးဖြိုး နှင့် လှပသော အမေ့မျက်နှာ တွင် ပါးရိုးတို့ထွက်စပြုနေပြီဖြစ်၏။ ပါးရေတို့လည်းအတွင်းချိုင့်ဝင်နေစပြုနေပြီဖြစ်၏။ ဆံထုံး ထုံးပြီးအမြဲနေသောအမေ့ဆံနွယ်တို့မှာတော့ မည်းနက်နေတုန်းပင်။ ညနေမှ ကျွန်တော့်အတွက် ကြော်လှော်ချက်ပြုတ်နေရသောကြောင့်တစ်ကြောင်း၊ လာသောလူတစ်သိုက်ကို စကားဧည့်ခံနေရသောကြောင့်တစ်ကြောင်းတို့ဖြင့် အမေ့နားထင်၊နဖူးပြင်တလျောက်တွင် ဆံချည်မှင်တို့က အများသားကျနေသည်ကို အမေသတိမမူမိ။ မီးဖိုချောင် မှ အိုးမည်းတို့က ပါးအောက် နားအောက်တို့ ရောက်နေသည်ကို အမေမသိနိုင်။ ကျွန်တော်ကို စိတ်မချနိုင် ခွဲခွါရမည်ကို စိတ်သောကရောက်နေသော မျက်ရည်စတို့ အလက်လက်နှင့် အမေ့မျက်နှာကိုကြည့်ရင်း ကျွန်တော်ငိုချင်သလိုလိုဖြစ်ခဲ့ရသည်။ ငိုလျှင်အမေလိုက်ငိုတော့မည်။ အမေအိပ်ရေးပျက်တော့မည်။ သို့ကြောင့်
“ အမေ အိပ်တော့လေ။ ကျွန်တော် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်။အမေ့ဆီကိုလည်း စာခဏခဏပို့မယ်။အမေနဲ့ကျွန်တော် မြိုင်မှာ ချိန်းပြီးတော့ ဖုံးလည်း ပြောမယ်လေ။ နောက်ပြီး ကျောင်းပိတ်တိုင်း ကျွန်တော် အမေ့ဆီပြန်လာမှာလေဗျာ။ အမေ့ကို ကျွန်တော်လည်းမခွဲနိုင်ပါဘူး။ ဒါပေမယ့်အခု သားက ရန်ကုန်ထိသွားပြီး ပညာသင်ရမှာလေ အမေရာ။ အမေ၀မ်းတောင်သာရအုံးမှာလေ။ ဒါမှ နောက်ဆို အမေတို့ကို သားအဆင်ပြေပြေထားနိုင်မှာပေါ့။”
စသဖြင့် ငိုချင်သည့်စိတ်ကိုခဏဖျောက်ပြီး အမေ့မျက်နှာကိုကြည့်ရင်း အမေ့ကို အားပေးနေမိ၏။
“ ကဲကဲအမေ အိပ်ရအောင် မနက်လည်းစောစောထရအုံးမှာလေ။ အမေကျန်းမာရေးဂရုစိုက်နော်။ အမေကျန်းမာမှ သားလည်း ဝေးနေရပေမယ့် အတူနေရသလိုဖြစ်မှာ”
ဆိုပြီး စောင်တို့ကိုဆွဲလျက် ကျွန်တော် အိပ်ဖို့ပြင်လိုက်ရ၏။
ကျွန်တော်မျက်လုံးအစုံမှိတ်သွားမှ အမေအိပ်ရာဆီသို့ ပြန်သွားပါ၏။ ကျွန်တော်မျက်လုံးအစုံပြန်ဖွင့် ကာ တစ်ယောက်တည်း အိပ်ရာထဲတွင် အမေ့ကို လွမ်းသည့်စိတ်ဖြင့် မျက်ရည်ကျခဲ့မိပါ၏။

နံနက် ၃ နာရီထိုးခါနီးတွင် အစ်ကိုအကြီးဆုံးအိပ်ရာက ထပြီး နွှားတို့ကို အစာကျွေးရန်ပြင်နေပြီဖြစ်၏။ အမေအိပ်ရာမှ ထနေပြီ။အဖေလည်းမျက်နှာသစ်ပြီး ဘုရားဝတ်တက်နေသံကို ကြားမှ ကျွန်တော်ထပြီး မျက်နှာသစ်ဖြစ်၏။ မမလည်း အထုပ်တို့ သေတ္တာတို့ကို နေရာချပြီး ပြင်ပေးထား၏။ သိပ်မကြာခင်၌ပင်ကျွန်တော်၏အကြိုက်တို့ဖြစ်သည့် အမေခူးထားသော ထမင်းပူပူ မြေပဲဆီဆမ်း၊ ငါးခြောက်မီးဖုတ်၊ ငရုတ်သီးထောင်း၊ မြေပဲဆံကြော်တို့နှင့် ကျွန်တော်တို့မိသားစုထိုနေ့တွင် တစ်ရွာလုံး၏ အစောဆုံးဖြစ်မည့် ထမင်ကြမ်းကို စကားတပြောပြောနှင့် စောစောစီးစီးစားနေကြ၏။ကျွန်တော့်အဖို့ ပျော်စရာကောင်းသကဲ့သို့ ၀မ်းနည်းစရာလည်း အတိပါပင်။

စားသောက်ပြီးသည်နှင့် အိမ်မြောက်ဘက်မှ အဖွားအိမ်သို့လက်နှိပ်ဓါတ်မီးတစ်လက်ကိုင်ကာ သွားပြီး နှုတ်ဆက်ကန်တော့ဖြစ်၏။ အဖွားအိပ်ရာက ထနေပြီဖြစ်၏။ ကန်တော့ပြီးသည်နှင့် သူ၏ ရင်ဖုံးအင်္ကျီအတွင်းရှိဂျာစီ ရှေ့အိပ်၌ တွယ်ထားသော ချိပ်ကို ဖြုတ်ကာ ကျွန်တော့်အားမုန့်ဖိုး ၄၀၀၀ ပေးလိုက်ပါ၏။ အဖွားကိုကန်တော့ပြီး အိမ်သို့ဦးတည်လှည့်ရင်းမြို့တော်ရန်ကုန်သို့ သွားရန် သက်ပြင်းချနေမိ၏။ အိမ်ရောက်ရောက်ချင်း အင်္ကျီသစ် လုံချည်သစ်တို့ကို လဲလိုက်ပါတော့သည်။ ဖယောင်းတိုင်ထိန်ထိန်ငြီးထွန်းကာ အထုတ်တို့ သေတ္တာတို့ အဆင်သင့် ဖြစ်နေပြီဖြစ်၏။ နွားများလည်း ဗိုက်ပြည့်တော့မည်ဖြစ်ရာ အဆင်သင့်ပြင်ထားသော နွားလှည်းပေါ်သို့ အထုတ်များ ၊ ခြင်းများ သေတ္တာတို့ကို နေရာချပြီး အဖေ၊ အမေ၊ အစ်ကိုကြီးနှင့် မမတို့ကို ကန်တော့ကာ နှုတ်ဆက် မျက်ရည်ဝဲကြရင်း၊ အကောင်းဆုံးသော ဆုပေးသံတို့ကို နားထောင်ရင်း ဖြင့် နောက်ဆုံးတွင် အမေ့မျက်နှာကိုတစ်ဝကြည့်ပြီး နွားလှည်းပေါ်သို့ကျွန်တော်တက်ခဲ့ပါတော့သည်။
အဖေ၊ ကျွန်တော် နှင့် အစ်ကိုကြီးတို့ သားအဖသုံးယောက် မတ်တပ်ရပ်ကာ ငိုပြီးကျန်ခဲ့သော အမေ၊ မမနှင့် အိမ်ကြီးကို ကျောခိုင်းလျက်တချွမ်ချွမ်ခြူသံတို့နှင့်အတူ အာရုံအမှီ မြိုင်သို့ရောက်ရန် ရွာ မှစတင်ထွက်ခွါခဲ့ပါတော့သည်။ အစ်ကိုကြီးက လှည်းဦးမှထိုင်လျက် အဖေနှင့် ကျွန်တော် လှည်းအိမ်အတွင်းပိုင်းကထိုင်ပြီးစကားတပြောပြော ဖြင့်အာရုံမလာခင်၌ ရွာမှထွက်ကာ ၆မိုင်ဝေးသော မြိုင်မြို့ဆီသို့ တောလမ်းမှ နွားလှည်းကို မောင်းနှင်ရင်း တက္ကသိုလ်ဘ၀ စတင်ရန် ရွာမှ ထွက်ခဲ့ရတော့သည်။

ဆက်ပါဦးမည်......

နေကြာရိုး

Monday, December 7, 2009

၃။စောင်းကြိုးပြတ်တဲ့ည (စိတ်ကူးအတိုအထွာများ)

တိတ်ဆိတ်တဲ့ ဒီည သံစဉ်တွေချိုမယ့်ည
ငါတစ်ယောက်စိတ်မိုင်ချီခရီးဆက်လို့ သံစဉ်တွေတီးခေါက်ခဲ့
နင်ဆိုတဲ့တေးသွားနဲ့ ငါ့ရင်ဘတ်က စောင်းကြိုးတွေကို ပြတ်ခဲ့ပါပြီ။
မိုးရေတွေအောက်မှာ သံစဉ်တွေမီးတောက်ခဲ့တဲ့ အဲဒီမြို့ပြ ည။

နေကြာရိုး

Sunday, December 6, 2009

၂။ MRT ရထားစီးရင်းအမှတ်တရများ(၂) ( စိတ်ကူးအတိုအထွာများ)

ရထားနှင့်အလုပ်မသွားရသည်မှာ နှစ်လခန့် ကြာမြင့်ခဲ့ပြီ။ စောစောထ၊ ဘူတာသို့ လမ်းလျှောက်သွားပြီး ရထားကို စပါယ်ရှယ်တိုးရသော အချိန်တို့နှင့် နှစ်လခန့် ကင်းကွာနေသော်လည်း မနက်စောစောရထားပေါ်တွေ့နေကျမြင်ကွင်းတို့က မမေ့ပျောက်နိင်ရှာသေး။

မနက်စောစောထရသည်မှာလည်း အလွန်အင်မတန်ပျင်းစရာကောင်းလှ၏။ ညဘက်တွင် မအိပ်ချင်သည်မှာလည်း ဒီနိင်ငံရောက်ကတည်းကပင်။ အပြင်၌လည်း ကားသံက တစ်ညလုံးရှိနေ၏။
သို့သော် မနက် ငါးနာရီခွဲခန့်မှစ၍ တကြွက်ကြွက်ထပြီး အလုပ်သွားကြသော လူကြီးလူငယ်များ၊ ကျောင်းကားစောင့်နေကြသော ကျောင်းသားကျောင်းသူတို့ နှင့် တသုတ်သုတ် ပြေးလွှားနေသောမြင်ကွင်းတို့က နေ့တိုင်းမြင်တွေ့နေရသဖြင့် ဤနိုင်ငံငယ်လေးသည် မိုးလင်းမှ မိုးချုပ်တသုတ်သုတ်နှင့် စက်ရုပ်များပမာ ရှုပ်ယှက်ခတ်နေလေသည်။

မနက်တွင် လိုင်းကားမှတ်တိုင်များ၌လည်း ရုံးအလုပ်သွားချိန်နံနက် ၈ နာရီ မခွဲမီအထိ လိုင်းကားများမှာ တစ်စီးနှင့်တစ်စီး အလာစိပ်ပြီး ဘူတာတွင်လည်း ရထားများမှာ တစ်စီးနှင့်တစ်စီး တစ်မိနစ်၊ နှစ်မိနစ်မျှသာ စောင့်ရသည်မို့ စောစောသွားလျှင် ရထားများကားများစောင့်ရသည့် ဒုက္ခနည်းသော်ငြား လူတိုးရ၊ တန်းစီရသည်က နံနက်တိုင်းပင်။

နံနက် ခြောက်နာရီခန့်မြည်သော ဖုံးမှအချက်ပေးသံဖြစ်သည့် ကြက်အော်သံကိုလည်း အလွန်မုန်းပါ၏။ သို့သော်လည်း ပုံမှန်နိုးရန်ကိုယ့်ကိုယ်ကို မယုံရဲ၍ အချက်ပေးသံမုန်းသော်လည်းနေတိုင်းထထ ပိတ်ရသည့်ဒုက္ခကနေ့တိုင်း။ ပျင်းပျင်းနှင့်ထ။ ရေမိုးချိုး အ၀တ်အစားလဲ။ ဘုရားဖူး စသည် ပုံမှန်အလုပ်ကို လုပ်ပါ၏။မုန့်စား၊ ကော်ဖီတစ်ခွက်သောက်ပြီး အိတ်ဆွဲကာ နားကြပ်ကိုနားထဲထည့်ပြီး တရားနာချင်သည့်နေ့ နာ၏။ မြို့တော် FM နားထောင်သည့်နေ့ နားထောင်၏။ သီချင်းနားထောင်သည့်နေ့နားထောင်၏။ လမ်း တစ်ဆယ်မိနစ်ခန့်လျှောက်ပြီး ရထားဘူတာသို့ရောက်လာပါသည်။ ဘူတာတွင် ဦးရာစနစ်ဖြင့် တန်းလည်းစီရ၏။ ရထားများအလာစိပ်သဖြင့် ကြာကြာမစောင့်ရသော်လည်း လူတော့ အတော်ကြပ်၏။

Air Con ကို နိုင်အောင်လွှတ်ထားသဖြင့် လူများကြပ်သော်လည်း ရထားထဲဝင်လျှင် အေးသွားပါသည်။ “ Excuse Me!...” အသံကလည်း ခဏခဏကြားနေရသည်။ တခါးပေါက်ဝဲယာ ဘေးဘက်မှ တရားဝင်သတ်မှတ်ထားသော ကိုယ်ဝန်ရှိအမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို စသူတို့ထိုင်ရန် အရောင်ရင့်ရင့် ခုံနှစ်ဖက်စီသို့ မသွားဘဲ ခုံရလျှင် နာရီဝက်ခန့် ငိုက်လိုက်ဦးမည် ဆိုသောစိတ်ကူးဖြင့် ပုံမှန်ထိုင်၍ရသည့်နေရာ အလယ်ခေါင်လောက်သို့ စုန့်စုန့်စုန့်စုန့် ဖြင့် ရောက်သွားလေသည်။လက်ကိုင်ကွင်းကိုင်လျက် မိနစ် လေးဆယ်ခန့်ကြာမည့် ခရီးတလျောက် တစ်ဘူတာဝင်တစ်ဘူတာထွက် လိုက်သွားရသည်။ ထိုနေ့တွင် ရှေ့တည့်တည့်မှ အသက် လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ယောက်သည်ရုံးတက်အ၀တ်အစားဖြင့် သားသားနားနားဖြစ်၏။ အိတ်ကြီးအိတ်ငယ်တို့ကို စလင်းဘက်အိတ်ထဲမှ ထုတ်ရင်း မှန်ကိုလည်း ထုတ်လျက် အလုပ်ရှုပ်နေရှာသည်။ ရှေ့တည့်တည့်မှဖြစ်နေသဖြင့် သူမ၏ လှုပ်ရှားမှုအလုံးစုံသည် မမြင်ချင်လည်း မြင်နေရသည်။ အသားဖြူသော အာရှအမျိုးသမီးတစ်ယောက်ဖြစ်သည်။ ပထမဆုံး မှန်ကိုထုတ်လိုက်သည်။ ခဲတံအနက်ရောင်ကဲ့သို့ ခဲတံတစ်ချောင်းထုတ်ပြီး မျက်ခုံးမွှေးများကို ခြယ်သလေသည်။ မျက်ခုံးမွှေးကဲ့သို့ တစ်ဖက်တစ်ကြောင်းစီကိုလည်း ညီညီညာညာခြယ်လိုက်သေးသည်။ ပြီးလျှင် အနက်ရောက် ဗူးရှည်ရှည်လေးကိုထုတ်ပြီး မျက်တောင် ကော့သောပစ္စည်းဖြစ်မည်ထင်၏။မျက်တောင်များကို တစ်ချောင်းစီမှန်သေးသေးဖြင့်ကြည့်လျက် စိတ်ရှည်လက်ရှည် တော့ရှိလှသည်။မျက်တောင်ကိုဆေးဆိုးလိုက်၊ကော့လိုက်၊ ဆေးဆိုးလိုက်၊ ထိုအတံလေးဖြင့် မျက်တောင်ကိုကော့လိုက် မှန်ကြည့်လိုက်၊ ဘေးဝဲယာမှ သူများကို သတိမမူနိင်တော့။ အာရုံအပြည့်ဖြင့် အလှပြင်နေ၏။ မျက်တောင်ကော့ပြီးအိတ်ထဲမှ နောက်ထပ်တစ်ဗူးထုတ်လိုက်ပြန်သည်။ မျက်ခွံပေါ်သို့ အရောင်တင်သော ဗူးဖြစ်၏။ စုပ်တံသေးသေးလေးတစ်ခုနှင့် ပန်းရောင် နည်းနည်း အပြာရောင်နည်းနည်း စိတ်တိုင်းကျ ခြယ်သနေသည်။ ပါးပေါ်သို့ တို့ဘတ်တစ်ခုနှင့် နောက်ထပ်ဗူးတစ်ခုထဲမှ မိတ်ကပ်တစ်မျိုးကိုသုံးပြီးခြယ်သလိုက်သေး၏။ မှန်ကိုလည်း ခဏခဏကြည့်ပြီး မျက်လုံးများမှာ မှန်သို့ ပုံစံစုံဖြင့် ကြည့်နေသကဲ့သို့ ထင်ရ၏။ ချက်ချင်းဆိုသလိုပင် နှုတ်ခမ်းနီဗူးတစ်ဗူးထုတ်လိုက်ပြီး နှုတ်ခမ်းကိုခြယ်လိုက် နှုတ်ခမ်းနှစ်ဖက် ဖိပိတ်ကာ နှုတ်ခမ်းချင်းကိုက်သကဲ့သို့ မှန်သို့ကြည့်ကြည့်နေ၏။ ဘေးမှ အသက်မတိမ်းမယိမ်း အမျိုးသမီးတစ်ယောက်၏ နှစ်ခေါင်းရှုံ့သည်ကိုလည်းမမြင်၊ မျက်စောင်းထိုးနေသည်ကိုမမြင်နိုင် အလုပ်သို့မရောက်မီ သဲကြီးမဲကြီးအလှပြင်နေရှာ၏။ ၂၅ မိနစ်ခန့်အကြာတွင် သူမမျက်နှာသည်လည်း ရထားထဲဝင်လာလာချင်းက မြင်ရသောပုံစံမဟုတ်တော့။ အလှပြင်ခန်းမှ ထွက်လာသကဲ့သို့ ကျော့မော့သွားသည်။ ဘေးမှအမျိုးသမီးနှစ်ယောက်ကမူ မကျေနပ်သောမျက်နှာများနှင့်။။... .. စူ စူ စူ စူ....
မြင်ကွင်းတို့ကိုကျောခိုင်းလျက် အလုပ်နှင့်နီးသော အိုထရန်ပါ့ခ် ဘူတာသို့ရောက်သဖြင့် ရထားထဲမှ ထွက်ပြီး အလုပ်ဆီသို့ သုတ်သုတ်သုတ်သုတ်လျှောက်သွားခဲ့လေတော့သည်။
.........မိုးသောက်အလင်းရောက်သည်နှင့် သုတ်သုတ်သုတ်သုတ် အလုပ်သွားကြ.... အလုပ်ပြန်ကြ... ကို စာအုပ်များထဲ၌ တွေ့ဖူးသော်လည်း... ..
အလုပ်သွားရင်း သုတ်သုတ်သုတ်သုတ် အလှပြင်သည်ကိုမူ ဤနို်င်ငံကိုရောက်မှပင် မြင်ဖူးသောကျွန်တော်...


နေကြာရိုး
ဆက်ပါဦးမည်။