Friday, December 18, 2009

၁။ တက္ကသိုလ် ကြီးဆီမှ အကြောင်းကြာစာ ( နေကြာရိုး )


၁၉၉၉ စက်တင်ဘာလဆန်းခါစအချိန်။ ဆေးသိပ္ပံဦးစီးဌာနမှ လျှောက်လွှာများစတင်ပေးနေချိန်ဖြစ်ပါ၏။ ရန်ကုန်မှ ကျွန်တော့်အတွက် ရှေ့ပြေးကြိုးစားအလုပ်လုပ်နေရှာသည့် အစ်ကိုလတ်၏ အကူအညီ။ ဆေးဘက်ပညာသည်တက္ကသို်လ် ပဉ္စမအသုတ်တွင် တက်ရောက်ခွင့်ရခဲ့သည့် အစ်မ၀မ်းကွဲ၏ လမ်းပြမှုတို့နှင့်အတူ ဆေးတက္ကသိုလ်နှင့် လွဲခဲ့သောကျွန်တော်တစ်ယောက် လျှောက်လွှာတွင် ဆေးဝါးကျွမ်းကျင်၊ သူနာပြုအစရှိသည့် ရွေးချယ်စရာတို့ကို မကြည့်တော့ဘဲ ဆေးဘက်ပညာသည်တစ်ကြောင်းတည်းသာ ရေးပြီး လျှောက်ထားဖြစ်ခဲ့၏။ အမိတက္ကသိုလ်ကြီးမတက်မီ ဆယ်တန်းအောင်ပြီးစဖြစ်၏။ ကျောင်းဆရာအလုပ်ဝါသနာထုံလှသော ကျွန်တော်တစ်ယောက် သူငယ်တန်း၊အလယ်တန်းကျောင်းသားဘ၀တို့ကတက်ရောက်ပညာဆည်းပူးခဲ့သည့် ရွာဦးမှ တွဲဘက်အလယ်တန်းကျောင်းလေးတွင် လုပ်အားပေးကျောင်းဆရာတစ်ယောက်အဖြစ်စာသင်နေချိန်ဖြစ်ပါ၏။ ၅ တန်း ၆ တန်း ၇ တန်း ၈ တန်းစသောအတန်းများတွင် ၄၅ မိနစ် တစ်တန်းဝင်တစ်တန်းထွက် စာသင်နေရသည်ကိုပင်ပန်းသည်ဟု မထင်နိုင် ခေါင်းတွင်မြေဖြူမှုန်တို့က ဗလဗွအဖွေးသား ကျောင်းသားကျောင်းသူ ကလေးတစ်သိုက်နှင့် ပျော်နေသောအချိန်ပင်ဖြစ်၏။ နေ့ခင်းဘက် မုန့်စားကျောင်းဆင်းချိန်တို့တွင်လည်း ကလေးများက မုန့်ပင်မစားချင်ကြ။ ကျွန်တော်နှင့်အတူ ၀ိုင်းဖွဲ့ပြီး ပုံပြင်နားထောင်ကြရသည်ကိုနှစ်သက်နေကြသောကြောင့် ပုံပြင်စာအုပ်ကို မရိုးရအောင်ရန်ကုန်မှ အစ်ကိုလတ်ဆီ မှာယူရသည်အထိပင်။

၂၀၀၀ခုနှစ်အောက်တိုဘာလ ကုန်ခါနီး သီတင်းကျွတ်ကျောင်းပိတ်ရက်တို့ ပြန်ဖွင့်ခါစ အချိန်။ အားပြည့်မာန်ပြည့် နှင့် တွဲဘက်အလယ်တန်းကျောင်းလေးထဲ၌ ဖျင်ပုဆိုးအစိမ်းရောင် တက်ထရွန်အဖြူအင်္ကျီလက်တိုဝတ်ကာ သစ်သားဖိနပ်သံ တခွပ်ခွပ်နှင့် ရေစုံရေဆန်ပုစ္ဆာတို့သင်နေချိန်၊ မဟောသဓါဇာတ်တော်ကြီးတို့ ဖတ်ပြနေရချိန် ထရိုဂျန်စစ်ပွဲအကြောင်းတို့၊ ပထ၀ီကွန်တိုမြေပုံတို့၊ အက်တစ်ပက်ဆစ် စသည်စသည်တို့ဖြင့် အတန်းစုံ ဘာသာစုံတို့သင်ရင်း ပျော်နေချိန်တွင် ရန်ကုန်ဆေးဘက်ပညာသည်တက္ကသိုလ်သို့ကျောင်းတက်ရန် အကြောင်းကြာစာတစ်စောင် ရွာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့သည်။

လေးရက်မျှကြာလျှင် ရန်ကုန်သို့ သွားရတော့မည်ဖြစ်၏။ ရန်ကုန်ဆိုသော မြို့တော်ကြီးရှိတက္ကသိုလ်သို့ သွားရောက်တက်ရမည်မှာ ရင်ခုန်ရသကဲ့သို့ ကြောက်လည်းကြောက်နေမိ၏။ အမေ့ခမျာ ကျွန်တော်ဝတ်ရန် အင်္ကျီ လက်ရှည်လေးချုပ်ပေးရန်အတွက်ဆိုပြီး ရက်လက်စ ယက်ကန်းစင်မှ ဖျင်စတို့ကို အချိန်မီပြီးအောင်အားစိုက်နေ၏။ အိပ်နေကျအချိန်၌ပင် မအိပ်ဘဲ ဘက်ထရီမီးသီးတစ်လုံးကို ရက်ဖောက်တံတို့နှင့်ကပ်ထားပြီး တချပ်ချပ် ကြိုးစားပမ်းစားယက်နေရှာ၏။ အဖေနှင့်အစ်ကိုအကြီးဆုံးတို့လည်း မြို့ရောက်လျှင်ဆရာဆရာမတို့ကိုလက်ဆောင်ပေးရန်အတွက် သနပ်ခါးပင်တို့ကို လှီးကြဖြတ်ကြ၊ ပျားရည်စစ်စစ်လိုက်ဝယ်ကြ၊ ထန်းလျက်ကောင်းကောင်းဖြူဖြူတို့ကို သွားဝယ်ရဖြင့် ရသောအချိန်လေးရက်တွင် အလုပ်ရှုပ်နေကြတော့သည်။အဖေသည် ဘာတန်း စက်ဘီးလေးတစ်စီးနှင့် နှီးအုပ်ထုပ်ကိုဆောင်းလျှက် ဖျင်ပင်နီ လက်ရှည်ဝတ်ထား၏။ အမေ၏ လက်ဖြစ် ဖျင်ထည်ဆေးဆိုးချည်ပုဆိုးဖြင့် ကျွန်တော် ၉ တန်းကျောင်းတက်စဉ်ကသုံးသည့် သိုးမွှေးလွယ်အိတ်အပြာရောင်လေးကို ထုံးကာ စောစောစီးစီးထပြီး ၆ မိုင်ခန့်ဝေးသော မြိုင်မြို့ဆီသို့ ကျွန်တော့အတွက် ရန်ကုန်ကားလက်မှတ်ဝယ်ရန်ထွက်သွားရရှာပြီ။ မြိင်မှတစ်ဆင့် ၂၇ မိုင်ခန့်ဝေးသော ပခုက္ကူသို့ ထပ်ပြီး လိုင်းကားစီးရမည်ဖြစ်သဖြင့် ညနေမိုးချုပ်မှပင် ရွာသို့အဖေ ပြန်ရောက်မည်ဖြစ်၏။ မမတစ်ယောက်လည်း ရန်ကုန်အသွားထည့်ပေးလိုက်ရန် အခြောက်လှမ်းထားသည့်ငရုတ်သီးတို့ကို ငရုတ်ဆုံကြီးနှင့်တစ်ဖောင်းဖောင်းထောင်းရ မြေပဲတောင့်တို့ကိုလည်း အဆံနွှာပေးရ အ၀တ်အစားတို့ကို ရွာလယ်ပိုင်းက အပ်ချုပ်စက်သို့အပ်ပေးရနှင့် အလုပ်ရှုပ်နေတော့၏။ အငယ်ဆုံးဖြစ်သောကျွန်တော်တစ်ယောက် အားလုံးကို နိုင်သလောက်ကူလုပ်ပေးရင်း သိမ်းဆည်းစရာ စာအုပ်၊ကွန်ပါဗူး၊ မှတ်ပုံတင် ကတ်ပြား စသည်စသည်တို့နှင့် အလုပ်ရှုပ်နေ၏။ ပညာသင်ချင်သည့်စိတ်ပျင်းပြသည်ကတစ်ဖက်၊ ရွာမှ အမေတို့နှင့်ခွဲခဲ့ရမည်တို့ကိုတွေးရင်းတွေးရင်း ရင်ထဲ၌ ရင်တုန်စရာ ရင်ပူစရာ တို့နှင့်လည်း ပြည့်နှက်နေရ၏။

တဂျောက်ဂျောက်နှင့် ၂၀၀၀ ခုနှစ်အောက်တိုဘာလ ကုန်တော့မည်ဖြစ်၏။ ထိုရသော အချိန်လေးရက်သည်လည်းပြည့်ရန် တစ်ရက်ပင်လိုတော့၏။ ထိုနေ့သည်ကျွန်တော့်အတွက် ကြက်သီးမွေးညင်းထခဲ့ရသောနေ့ပင်ဖြစ်၏။ နံနက်မိုးသောက် ပြီ။ ရွာဦးမှ တွဲဘက်အလယ်တန်းကျောင်းလေးသို့ နောက်ဆုံးနေ့အဖြစ်စာသွားသင်ရမည့်နေ့ဖြစ်၏။ ထိုနေ့သည်ကားတနလာင်္နေ့ဖြစ်ပါ၏။ သို့ဖြစ်ရာ နံနက်တွင် အဆမ်ဘလီ စီရ၏ ။ ရွာအလယ်တန်းလေးသည် တနလာင်္နှင့် သောကြာ နှစ်ရက်တည်း အဆမ်ဘလီစီသောကြောင့်ပင်။ နိုင်ငံတော်အလံကိုအလေးပြုပြီး ကျောင်းအုပ်ဆရာကြီးမှ အစီအစဉ်တစ်ခုကို လုပ်ပေးခဲ့၏။ ၈ တန်းကျောင်းသားတစ်ယောက်မှ ထိုင်ခုံတစ်ခုံကိုယူပြီး နိုင်ငံတော်အလံရှေ့သို့ချပေး၏။ ကျောင်းအုပ်ဆရာကြီး အမှာစကားဖြင့် သူငယ်တန်းမှ ၈ တန်းထိကျောင်းသားအားလုံးသည် အဆမ်ဘလီ ကွင်းပြင်တစ်ခုလုံးအပြည့် ဆောင့်ကြောင့်လေးများထိုင်ပြီး နေနေကြ၏။ ကျွန်တော်တစ်ယောက်ရှက်ကိုရှက်ကန်းဖြင့် အလံတိုင်အောက်၌ ထိုင်ခုံပေါ်ထိုင်လိုက်ရ၏။ ကျောင်းအုပ်ဆရာကြီး၏ အစီအစဉ်ကို ကြိုတင်မသိထားသော ကြောင့် ကြောင်တောင်တောင် ကြည့်တက်တက်လေးဖြစ်ခဲ့ရ၏။ အတန်းလိုက်စုထားသော ငွေတို့ဖြင့် ကျွန်တော့်အတွက် အာစရိယ ပူဇော်ပွဲ ကို တစ်ခါတည်း မနက်အစောလုပ်ပေးကြသောကြောင့်ပင်။ သူတို့လေးတွေကန်တော့လိုက်သော ချည်ချောပုဆိုးနှစ်ထည်ကို ဒုတိယနှစ်တိုင် ကျွန်တော်ဝတ်ခဲ့ရ၏။ ဆရာကြီးမှ ရှေ့မှတိုင်ပေးပြီး ကျောင်းသားကျောင်းသူအားလုံးလိုက်ဆိုကြသော ကန်တော့ပေးသံသည် အဆမ်ဘလီကွင်းထဲအပြည့်ဖြစ်ခဲ့ပါ၏။ ထို မြင်ကွင်းသည် ကျွန်တော့်အဖို့ ကြက်သီးမွေးညင်းများထပြီး မျက်ရည်စို့ခဲ့ရသည်အထိပင်။ ဆုကို အသံကျယ်ကျယ်ပင်မပေးနိုင်တော့ဘဲ လက်ဝါးမျှသာ ပြပြီး သူတို့လေးတွေကို ထခိုင်းခဲ့ရသည်။ အတန်းအားလုံး၌ မျက်နှာညှိုးပြီး အသံအနည်းငယ်တိတ်နေကြသည်ကို ကျွန်တော် သတိပြုနေမိသော်လည်း“ အားလုံးကြိုးစားကြမယ်။ တို့ရွာလေး ပျော်စရာကောင်းလာအောင်တို့ဖန်တီးကြမယ်” စသည်ဖြင့် စာကို ကောင်းကောင်းမသင်နိုင်တော့ဘဲ နှုတ်ဆက်စကား အားပေးစကားတို့နှင့်သာ တစ်နေကုန်ဖောင်ဖွဲ့ခဲ့ရ၏။

မနက်ဖန်မနက် ရန်ကုန်သို့ ကျောင်းသွားတက်ရန် ပြင်ဆင်ဖို့ ညနေရောက်လာပြီဖြစ်၏။ တဖွဲဖွဲနှင့် မုန့်ဖိုး ၅၀၀ ၊ ၁၀၀၀ လာပေးကြသော ဦးကြီး၊ ဦးလေး ၊ ဒွေးလေး၊စသောဆွေမျိုးသားချင်းတစ်ချို့၊ အိမ်နီးနားချင်းတသိုက်တို့နှင့်အတူ ရွာလယ်ပိုင်းမှ ကျွန်တော်တို့အိပ်လေးသည် သန်းခေါင်ယံထိ ဘက်ထရီမီး ရောင်မှုန်မှုန်နှင့် တကြွက်ကြွက် ဖြစ်နေတော့၏။ ဦးကြီးဦးလေးဒေါ်လေး ဒေါ်ကြီးတို့ကို ညကတည်းက ကန်တော့ပြီး နှုတ်ဆက်လိုက်ပါ၏။ သို့သော်လည်း ခြင်းတောင်းများကို စည်းရ၊အိတ်တို့ကို စည်းရနှင့်အစ်ကိုကြီး၊ မမ အဖေ၊ အမေတို့မှာ အိပ်ချိန်ကိုမေ့နေကြ၏။ ည ၁၁ နာရီကျော်လာပြီဖြစ်ရာ ကြက်တွန်သံတို့က တစ်ရွာလုံးလိုလို တစ်အိမ်ပြီးတစ်အိမ်ရှိ အိပ်တန်းမှ ကြက်တို့က တအစ်အစ် တအီအီး တွန်နေကြ၏။ အားလုံးလိုလိုလည်း ပြီးသွား၏။ ငရုတ်သီးကြော် မြေပဲဆံထောင်းစသည့် ကျွန်တော့်အကြိုက်လေးများကို အမေက ပလတ်စတစ်ဗူးထဲထည့် ပြီး အိတ်တစ်ထပ်စွပ်ထည့်ပေးသည်က နောက်ဆုံးပါပေ ။

အစ်ကိုကြီးလည်း အိပ်ရာဝင်သွားပြီဖြစ်၏။ အဖေလည်း ဘုရားဝတ်တက်ပြီး အိပ်ရာဝင်ရန် အိမ်အပေါ်ထပ်တက်သွားပြီဖြစ်၏။ မမနှင့်အမေ အိပ်သော အိပ်အောက်ထပ်ကုတင်ပေါ်တွင်လည်း မမ အိပ်သွားပြီဖြစ်၏။ အိပ်ဧည့်ခန်းအနီးကုတင်ပေါ်အိပ်သည့် ကျွန်တော်လည်း အဖေနဲ့အမေကို ကန်တော့ပြီး အိပ်ရန်ကျောပင် စင်းနေပြီ။

အမေ့ခမျာ မအိပ်နိုင်သေးပေ။ ဘက်ထရီမီးလည်း အားကုန်သွားရှာပြီ။ ဖျင်ပင်နီလက်ရှည် ရင်ဖုံးအင်္ကျီဝတ်ထားပြီး ဖယောင်းတိုင်မီးအတိုတစ်ချောင်းကိုလက်ထဲတွင်ကိုင်လျက် ခြေသံ တစ်ယှပ်ယှပ်လျှောက်ကာ
“ လူလေး အိပ်တော့မှာလား ၊ အမေ မှာစရာရှိတာလေးတွေ အခုမှ အေးဆေးမှာချင်လို့ ပါ။ လူလေး မြို့ကြီးကိုရောက်ရင် ကားတွေကို ဂရုစိုက်အုံး၊ မတည့်တာတွေ မစားနဲ့။ ရန်ဖြစ်တတ်တဲ့သူတွေနဲ့ တွေ့ရင် ဝေးဝေးရှောင်၊ ကြောက်တတ်ရင် ၀န်ကင်းတဲ့ လူလေးရဲ့ ၊ အမေတို့ကို စိတ်တွေရောက်ပြီး လည်းနေမနေနဲ့ ကျန်းမာရေးကိုဂရုစိုက် ၊ ပိုက်ဆံလိုရင် လည်း အချိန်မရွေးမှာ ၊ အိမ်ကိုစိတ်ရောက်ပြီး ဟိုဟာမစားဒီဟာမစားနဲ့ချွေတာမနေနဲ့အုံး။ လူလေးကိုတော့ အမေပညာတတ်အောင်သာသွားခိုင်းတာပါ။ အမေကတော့ စိတ်မချပါဘူးလူလေးရယ်”
ဆိုပြီး တဖွဖွပြောနေရှာသည်။ ကျွန်တော် အိပ်ရာ မှ ရုတ်တရက်ထပြီး။ ဖယောင်းတိုင်မီးအရောင်နှင့် အမေ့မျက်နှာကို စေ့စေ့ကြည့်နေမိ၏။ ဇရာကစကားပြောလာပြီဖြစ်သဖြင့် ၆၀ အရွယ်အမေပါးပြင်၌ အရေးအကြောင်း အတွန့်အတွန့်တို့နေရာယူလာပြီ။ကျွန်တော်ငယ်ငယ်က ပြည့်ပြည့်ဖြိုးဖြိုး နှင့် လှပသော အမေ့မျက်နှာ တွင် ပါးရိုးတို့ထွက်စပြုနေပြီဖြစ်၏။ ပါးရေတို့လည်းအတွင်းချိုင့်ဝင်နေစပြုနေပြီဖြစ်၏။ ဆံထုံး ထုံးပြီးအမြဲနေသောအမေ့ဆံနွယ်တို့မှာတော့ မည်းနက်နေတုန်းပင်။ ညနေမှ ကျွန်တော့်အတွက် ကြော်လှော်ချက်ပြုတ်နေရသောကြောင့်တစ်ကြောင်း၊ လာသောလူတစ်သိုက်ကို စကားဧည့်ခံနေရသောကြောင့်တစ်ကြောင်းတို့ဖြင့် အမေ့နားထင်၊နဖူးပြင်တလျောက်တွင် ဆံချည်မှင်တို့က အများသားကျနေသည်ကို အမေသတိမမူမိ။ မီးဖိုချောင် မှ အိုးမည်းတို့က ပါးအောက် နားအောက်တို့ ရောက်နေသည်ကို အမေမသိနိုင်။ ကျွန်တော်ကို စိတ်မချနိုင် ခွဲခွါရမည်ကို စိတ်သောကရောက်နေသော မျက်ရည်စတို့ အလက်လက်နှင့် အမေ့မျက်နှာကိုကြည့်ရင်း ကျွန်တော်ငိုချင်သလိုလိုဖြစ်ခဲ့ရသည်။ ငိုလျှင်အမေလိုက်ငိုတော့မည်။ အမေအိပ်ရေးပျက်တော့မည်။ သို့ကြောင့်
“ အမေ အိပ်တော့လေ။ ကျွန်တော် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ့မယ်။အမေ့ဆီကိုလည်း စာခဏခဏပို့မယ်။အမေနဲ့ကျွန်တော် မြိုင်မှာ ချိန်းပြီးတော့ ဖုံးလည်း ပြောမယ်လေ။ နောက်ပြီး ကျောင်းပိတ်တိုင်း ကျွန်တော် အမေ့ဆီပြန်လာမှာလေဗျာ။ အမေ့ကို ကျွန်တော်လည်းမခွဲနိုင်ပါဘူး။ ဒါပေမယ့်အခု သားက ရန်ကုန်ထိသွားပြီး ပညာသင်ရမှာလေ အမေရာ။ အမေ၀မ်းတောင်သာရအုံးမှာလေ။ ဒါမှ နောက်ဆို အမေတို့ကို သားအဆင်ပြေပြေထားနိုင်မှာပေါ့။”
စသဖြင့် ငိုချင်သည့်စိတ်ကိုခဏဖျောက်ပြီး အမေ့မျက်နှာကိုကြည့်ရင်း အမေ့ကို အားပေးနေမိ၏။
“ ကဲကဲအမေ အိပ်ရအောင် မနက်လည်းစောစောထရအုံးမှာလေ။ အမေကျန်းမာရေးဂရုစိုက်နော်။ အမေကျန်းမာမှ သားလည်း ဝေးနေရပေမယ့် အတူနေရသလိုဖြစ်မှာ”
ဆိုပြီး စောင်တို့ကိုဆွဲလျက် ကျွန်တော် အိပ်ဖို့ပြင်လိုက်ရ၏။
ကျွန်တော်မျက်လုံးအစုံမှိတ်သွားမှ အမေအိပ်ရာဆီသို့ ပြန်သွားပါ၏။ ကျွန်တော်မျက်လုံးအစုံပြန်ဖွင့် ကာ တစ်ယောက်တည်း အိပ်ရာထဲတွင် အမေ့ကို လွမ်းသည့်စိတ်ဖြင့် မျက်ရည်ကျခဲ့မိပါ၏။

နံနက် ၃ နာရီထိုးခါနီးတွင် အစ်ကိုအကြီးဆုံးအိပ်ရာက ထပြီး နွှားတို့ကို အစာကျွေးရန်ပြင်နေပြီဖြစ်၏။ အမေအိပ်ရာမှ ထနေပြီ။အဖေလည်းမျက်နှာသစ်ပြီး ဘုရားဝတ်တက်နေသံကို ကြားမှ ကျွန်တော်ထပြီး မျက်နှာသစ်ဖြစ်၏။ မမလည်း အထုပ်တို့ သေတ္တာတို့ကို နေရာချပြီး ပြင်ပေးထား၏။ သိပ်မကြာခင်၌ပင်ကျွန်တော်၏အကြိုက်တို့ဖြစ်သည့် အမေခူးထားသော ထမင်းပူပူ မြေပဲဆီဆမ်း၊ ငါးခြောက်မီးဖုတ်၊ ငရုတ်သီးထောင်း၊ မြေပဲဆံကြော်တို့နှင့် ကျွန်တော်တို့မိသားစုထိုနေ့တွင် တစ်ရွာလုံး၏ အစောဆုံးဖြစ်မည့် ထမင်ကြမ်းကို စကားတပြောပြောနှင့် စောစောစီးစီးစားနေကြ၏။ကျွန်တော့်အဖို့ ပျော်စရာကောင်းသကဲ့သို့ ၀မ်းနည်းစရာလည်း အတိပါပင်။

စားသောက်ပြီးသည်နှင့် အိမ်မြောက်ဘက်မှ အဖွားအိမ်သို့လက်နှိပ်ဓါတ်မီးတစ်လက်ကိုင်ကာ သွားပြီး နှုတ်ဆက်ကန်တော့ဖြစ်၏။ အဖွားအိပ်ရာက ထနေပြီဖြစ်၏။ ကန်တော့ပြီးသည်နှင့် သူ၏ ရင်ဖုံးအင်္ကျီအတွင်းရှိဂျာစီ ရှေ့အိပ်၌ တွယ်ထားသော ချိပ်ကို ဖြုတ်ကာ ကျွန်တော့်အားမုန့်ဖိုး ၄၀၀၀ ပေးလိုက်ပါ၏။ အဖွားကိုကန်တော့ပြီး အိမ်သို့ဦးတည်လှည့်ရင်းမြို့တော်ရန်ကုန်သို့ သွားရန် သက်ပြင်းချနေမိ၏။ အိမ်ရောက်ရောက်ချင်း အင်္ကျီသစ် လုံချည်သစ်တို့ကို လဲလိုက်ပါတော့သည်။ ဖယောင်းတိုင်ထိန်ထိန်ငြီးထွန်းကာ အထုတ်တို့ သေတ္တာတို့ အဆင်သင့် ဖြစ်နေပြီဖြစ်၏။ နွားများလည်း ဗိုက်ပြည့်တော့မည်ဖြစ်ရာ အဆင်သင့်ပြင်ထားသော နွားလှည်းပေါ်သို့ အထုတ်များ ၊ ခြင်းများ သေတ္တာတို့ကို နေရာချပြီး အဖေ၊ အမေ၊ အစ်ကိုကြီးနှင့် မမတို့ကို ကန်တော့ကာ နှုတ်ဆက် မျက်ရည်ဝဲကြရင်း၊ အကောင်းဆုံးသော ဆုပေးသံတို့ကို နားထောင်ရင်း ဖြင့် နောက်ဆုံးတွင် အမေ့မျက်နှာကိုတစ်ဝကြည့်ပြီး နွားလှည်းပေါ်သို့ကျွန်တော်တက်ခဲ့ပါတော့သည်။
အဖေ၊ ကျွန်တော် နှင့် အစ်ကိုကြီးတို့ သားအဖသုံးယောက် မတ်တပ်ရပ်ကာ ငိုပြီးကျန်ခဲ့သော အမေ၊ မမနှင့် အိမ်ကြီးကို ကျောခိုင်းလျက်တချွမ်ချွမ်ခြူသံတို့နှင့်အတူ အာရုံအမှီ မြိုင်သို့ရောက်ရန် ရွာ မှစတင်ထွက်ခွါခဲ့ပါတော့သည်။ အစ်ကိုကြီးက လှည်းဦးမှထိုင်လျက် အဖေနှင့် ကျွန်တော် လှည်းအိမ်အတွင်းပိုင်းကထိုင်ပြီးစကားတပြောပြော ဖြင့်အာရုံမလာခင်၌ ရွာမှထွက်ကာ ၆မိုင်ဝေးသော မြိုင်မြို့ဆီသို့ တောလမ်းမှ နွားလှည်းကို မောင်းနှင်ရင်း တက္ကသိုလ်ဘ၀ စတင်ရန် ရွာမှ ထွက်ခဲ့ရတော့သည်။

ဆက်ပါဦးမည်......

နေကြာရိုး

No comments:

Post a Comment