Wednesday, December 30, 2009

၂။ပုံတောင်မြေမှ သည် ရွှေတိဂုံဘုရားရှိရာမြေဆီသို့( နေကြာရိုး မှ အဆက်))

ဂလုံ.. ဂလုံ.. ဂလုံ. .”. ဟူသည့် နွားခြူသံတို့နှင့်အတူ ဝေလီဝေလင်း၌ အဖေ၊ ကျွန်တော်နှင့် အစ်ကိုအကြီးဆုံး သားအဖသုံးယောက် ၆ မိုင်ဝေးသည့် မြိုင်မြို့ဆီသို့ ရောက်လာခဲ့ကြသည်။ နံနက် ငါးနာရီ ခွဲ အစောဆုံး မြိုင်- ပခုက္ကူ လိုင်းကားမှီ ရန် မြို့လယ်ခေါင် ဈေးနှင့် ပန်းခြံ အနီးရှိ ကားဂိတ်သို့ “ တောင်ဘို့၊ ကံကောင်း” ဆိုသော ကျေးဇူးရှင်အဖြူရောင် နွားညီနောင်တစ်ရှဉ်း၏ အားစိုက်မှုတို့နှင့်အတူ ကျွန်တော်တို့ အချိန်မှီ ကားဂိတ်သို့ရောက်ခဲ့ကြသည်။ ကားလက်မှတ် နှစ်ယောက်စာအဖေ၀ယ်လိုက်သည်။ သေတ္တာနှင့် အထုပ်တို့ကို ကား၏ အမိုးငြမ်းပေါ်သို့ တင်လိုက်၏။ မလှမ်းမကမ်းတွင် အစ်ကိုကြီးက လှည်းကိုခေတ္တ ရပ်ထားပါသည်။ နွားလှည်းနှင့်မလှမ်းမကမ်းတွင် ဘယာကြော်၊ ပဲကပ်ကြော်၊ ဗူးသီးကြော် ရောင်းနေသော အကြော်သည် အဒေါ်ကြီးဆီမှ တစ်ဆယ်ဖိုး လေးခု ရသဖြင့် နှစ်ဆယ်ဖိုး ၀ယ်လိုက်သည်။ အစ်ကိုကြီးကို ၃ ခုပေးသော်လည်း အစ်ကိုကြီးက တစ်ခုသာယူပြီး စားသည်။ ရွာအပြန်ဈေးဝယ်ပြီး နွားများနေမပူခင်ရွာပြန်ရမည်မို့ အစ်ကိုကြီး၏ နှုတ်ဆက်သံနှင့်အတူ လက်ပြလိုက်တော့သည်။

ကားစပါယ်ယာလည်း ခရာစမှုတ်လေပြီ။ အတွင်း၌လည်း လူအပြည့် ခေါင်မိုးပေါ်တွင်လည်း လူအလျှံဖြင့် မြိုင်- ပခုက္ကူလိုင်းကားသည် အညာဒေသ လိုင်းကားသရုပ်ပီပြင်လှ၏။ ဆောင်းလေအေးနှင့်အတူ ကားအမိုးငြမ်းပေါ်တွင် ထိုင်လာသောကျွန်တော် လမ်းဘေးဝဲယာရှိထန်းတောများ။ ထန်းတက်သမားကြီးများ။ သီးနှံသိမ်းပြီးစ မိုးမကျမီ ထွန်ရေးပြင်ရန်ယာတောသို့ ဝေလုဝေလင်းကတည်းက အလုပ်ခွင်ဝင်နေကြသည့် ကာယလုပ်သားကြီးများကိုလည်း တွေ့ရ၏။ အမှိုက်မီးရှို့နေကြသဖြင့်မီးခိုးတစ်လူလူ နှင့်ယာစည်းရိုးရှင်းလင်းနေသောမြင်ကွင်းတို့ကလည်း တစ်မျိုးတစ်ဖုံ။ မြေနီနီ ယာမြေကျယ်ကြီးများက ဘယ်ညာ ခင်းလျက်။ မြေနီလမ်းတစ်မျိုး၊ ကတ္တရာလမ်းတစ်လှည့် မောင်းနှင်နေသော လိုင်းကားကြီးကလည်းတအိအိ။ နဘဲပင် ၊ထနောင်းပင် ၊ ရှားပင်တို့ကလည်း လမ်းဘေးဝဲယာ ၀န်းရံလျက်။ တစ်ခါတစ်ရံ သစ်ကိုင်းမငြိအောင် ကြိုးစားပမ်းစား ခေါင်းကိုလည်းငုံ့ရှောင်ရပါသေး၏။ လမ်းဘေး ရွာစဉ်တစ်လျှောက်မှတ်တိုင်များရပ်ကာရပ်ကာဖြင့် သုံးနာရီအကြာတွင် “ပခုက္ကူမြို့မှ ကြိုဆိုပါ၏” ဟူသော ဆိုင်းဘုတ်ကို စတွေ့ရသည်။ ဆောင်းရာသီဝင်စဖြစ်သဖြင့် လူတိုင်းအနွေးထည်ကိုယ်စီဝတ်ထားကြ၏။ ထဘီတိုတိုတို့ဝတ်လျက် ဒေါင်းတိမောင်းတိလမ်းလျှောက်ကာ ဈေးဝယ်လာကြသော ရွာပေါင်းစုံမှနံနက်စောစော ဈေးဝယ်များဖြင့်ပခုက္ကူမြို့သည် စည်ကားနေပါ၏။ ထနောင်းပင်ဂိတ်သို့ရောက်ပြီ။ ပခုက္ကူတက္ကသိုလ်ကြီးကိုလည်း အငွေ့အသက်နှင့်တခဏမြင်လိုက်ရသည်။ စက်ဘီးအလျိုလျို၊ ဆိုက်ကယ်တ၀ူးဝူး ဖြင့် တက္ကသိုလ်နယ်မြေတစ်ဝိုက် မြိုင်လမ်းတစ်လျောက် အတော်လူရှုပ်လှသည်။

ကျွန်တော်လည်း အစ်ကိုတို့ ဆောင်းရာသီ ရွာ အလှူပွဲလမ်းသဘင်တို့၌ လည်ပင်းပတ်ကာ ရှိုးထုတ်ရာတွင်သုံးခဲ့သည့် အစ်ကိုကြီးပေးလိုက်သော အစိမ်းရောင်အကွက်သိုးမွေးတဘက် လေးအား ခေါင်းတွင် ပတ်ထား၏။ ခြောက်လမ်းမှတ်တိုင်တွင် သားဖနှစ်ယောက်ဆင်းကြ၏။သံသေတ္တာကြီးတစ်လုံး၊ လျှော်ခြင်းတောင်းကြီးတစ်လုံး၊ အဖေ၏ ဘေးလွယ်အိတ်တစ်လုံးနှင့် ကျွန်တော့်လက်တွင် အထက်တန်းကျောင်းသားဘ၀ကလွယ်ခဲ့သည့် အစိမ်းရောင် သိုးမွှေးလွယ်အိတ်တစ်လုံးကို ကို ထုံးပြီး လက်တွင် မြဲအောင်စွပ်ထား၏။ အဖေ မြင်းလှည်းဆရာနှင့် ဈေးညှိနေ၏။
ဒဂုံဧရာ အဝေးပြေးကွင်းသွားမလို့ ပစ္စည်းသိပ်မများဘူး။ လူနှစ်ယောက်နဲ့ ဒါပဲပါတယ်။ ၁၅၀ ထားလိုက်ဗျာ” အဖေ၏ အသံကို မလှမ်းမကမ်းမှ ကြားနေရ၏။ မြင်းလှည်းဆရာလည်း နံနက်စောစော ဈေးဦးပေါက်ဖြစ်မည်ထင်၏။ ဈေးတည့်သွားပြီး သားအဖနှစ်ယောက် မြို့အနောက်ဖက်ခြမ်းရှိ ဒဂုံဧရာ အဝေးပြေးကွင်းသို့ မြင်းလည်းလေး တစ်ခွပ်ခွပ်ဖြင့် နှင်လာကြသည်။ မြင်းလှည်းနောက်ပိုင်းတွင် စီးလာသော ကျွန်တော်တစ်ယောက် ဟိုကြည့်ဒီကြည့်ဖြင့်။ ဒေါ်လေးမေ မြန်မာထမင်းဆိုင်၊ ပခုက္ကူအထက ၂၊ ကြေးသွန်းထားသည့်ဝံ့ဝံ့ကြွားကြွား မြင်းစီးနေသော ဗိုလ်ချုပ်အောင်ဆန်းပုံကြီးရှိသည့် ဗိုလ်ချုပ် ပန်းခြံ၊ မျက်မမျင်ကျောင်း။သိန်းတစ်ရာ ဦးအုံးဖေတိုက် စသည့် လမ်းတစ်လျှောက်မြင်သမျှသည် မြို့ပြနှင့် အတော်စိမ်းသောကျွန်တော့်အတွက် ထူးဆန်းစွာကြည့်ရင်း ပေါက်လမ်းတစ်လျှောက် မြင်းလှည်းတလှုပ်လှုပ်နှင့် လိုက်ပါလာခဲ့၏။

ကြီးမားသောပင်စည်ကြီးများနှင့် အရွက်တွေဝေေ၀ဆာနေသည့် ပေါက်လမ်းတစ်လျှောက် တမာပင်များက ကျွန်တော်ကို လက်ပြနှုတ်ဆက်နေသယောင်ယောင်။ အမေကိုယ်တိုင်ရက်ပြီး မြိုင်ဈေး၌ ချုပ်ပေးလိုက်သည့် စီလွန်လက်ရှည်အဖြူနှင့်အညိုအကွက်အင်္ကျီ၊ ချည်ချော အစိမ်းရောင်အကွက်တို့ဝတ်ထားသောကျွန်တော် သားရေဖိနပ်ကိုလည်းစီးထား၏။ရွာတွင် ဖျင်ချည်လုံချည်ကြမ်းကြမ်းဝတ်နေကျ၊ သစ်သားဖိနပ်တစ်ခွပ်ခွပ်စီးနေကျမို့ စိတ်ထဲတွင် မလုံမလဲဖြစ်နေမိသည်။ ခြေဖ၀ါးတို့တွင်လည်းဖုံအဖွေးသားနှင့် ခြေဆီများထွက်နေသည်ကိုလည်းသတိထားမိ၏။ တလှုပ်လှုပ်နှင့် အောင်နိုင်ဝင်း(ပခုက္ကူ-ရန်ကုန်) ကားဂိတ်သို့ မြင်းလှည်းဆရာ ၀င်လာမှ အဖေကကျွန်တော့်ကိုပြောပါ၏။ “လူလေး ကားဂိတ်ရောက်ပြီ။ ဆင်းပြီး မြင်းလှည်းဆရာကို လွယ်အိတ်ထဲက ပိုက်ဆံ တစ်ရာ့ငါ့းဆယ် ထုတ်ပေးလိုက်အုံး။” အဖေ၏ စကားအဆုံးတွင် ကျွန်တော် မြင်းလှည်းဆရာအားပိုက်ဆံပေးလိုက်ပါ၏။ အထုပ်တို့လျှော်ခြင်းတို့ကို တန်ဆာချိန်လိုက်၏။ အဝေးပြေးကားကြီးမှာ နံနက် ဆယ်နာရီခွဲမှ ထွက်မည်ဖြစ်သဖြင့် ကျွန်တော်တို့သားအဖနှစ်ယောက်အတွက် တစ်နာရီစောနေ၏။ တဖြည်းဖြည်းနှင့် နေထွက်လာသည်မို့ အချမ်းပြေ နေပူဆာလှုံရင်း ကားဂိတ်နှင့်မလှမ်းမကမ်းအနီးရှိ တမာပင်အောက်မှ လက်ဖက်ရည်ဆိုင်လေးသို့သွား၍ လက်ဘက်ရည်တစ်ခွက်စီ နှင့် စမူဆာ၊ အီကြာကွေးတစ်ပွဲစားကာ နံနက်ဆယ်နာရီခွဲသည်ကို စောင့်နေကြ၏။ သနပ်ခါးပွဲစားများကလည်း ထော်လာဂျီတို့ နှင့် သယ်လာသောသနပ်ခါးပင်များကို ပွဲရုံသို့တင်ကြချကြ။ ရန်ကုန်သို့ ကိစ္စအမျိုးစုံဖြင့် သွားကြမည့် ရှိးစမိုးအပြည့်နှင့် ခရီးသည်များကိုလည်းတွေ့ပါ၏။ တစ်ချို့လည်း ကျွန်တော်ကဲ့သို့ ဟိုကြည့်ဒီကြည့် ကြောင်တက်တက် နှင့် လူတစ်ချို့။ တစ်ချို့မှာ ရန်ကုန်တွင်နေပြီး မိဘများနေရပ်ဆီသို့ အလည်ပြန်လာကြသည်ဟုထင်ရသည်။ ဘောင်းဘီရှည် ရှူးဖိနပ်တို့နှင့် ကျွန်တော့်နှင့်ယှဉ်လျှင် အတန်းအစားတစ်ရပ်ခြားနေသကဲ့သို့။

မြင်မြင်သမျှကိုကြည့်ရင်းကြည့်ရင်းဖြင့် ကားစပါယ်ယာမှာ ခရီးသည်စာရင်းကို ခေါ်နေပြီဖြစ်သည်။ အဖေနှင့်ကျွန်တော့်အလှည့်သို့ရောက်ပြီ။ ခုံနံပါတ် ၃၈၊ ၃၉ ကျွန်တော်တို့နောက်တွင် နှစ်တန်းလောက်သာရှိတော့မည်။ နောက်ဆုံးမကျ အလယ်မကသောနေရာ။ မှန်ပြတင်းနှင့်နီးသောဘက်တွင် ကျွန်တော့်ကို အဖေက ထိုင်ခိုင်းပြီး အဖေက ကျွန်တော့ဘေးမှထိုင်သည်။ ခရီးသည်များလည်းစုံလင်ပြီဖြစ်သည်။ သီတဂူဆရာတော်ဘုရားကြီး ဦးဥာဏိဿရ၏ ပဋ္ဌာန်းတရားတော်ကိုဖွင့်ပြီး ဂိတ်မှစထွက်ခါစ တလှုပ်လှုပ်ဖြင့်စပြီးခရီးထွက်တော့မည့်အချိန်တွင် ရင်ထဲ၌ အိပ်ရေးတ၀အိပ်ပြီးမျက်နှာသစ်ခါစကဲ့သို့အရသာကိုခံစားလိုက်ရသေး၏။ အဝေးပြေးကွင်းမှ ပခုက္ကူပေါက်လမ်းမကြီးနှင့် တမာတန်းများကိုကျောခိုင်းပြီး ကျွန်တော်တို့သားအဖနှစ်ယောက်ပါလာသောအောင်နိုင်ဝင်းကားကြီးသည် မြို့၏ အနောက်ဖက်ဆီသို့အားအင်အပြည့်ဖြင့် စတင်ထွက်ခွါလာ၏။ ရင်ထဲတွင် ဟာတာတာနှင့် ကျန်ခဲ့သောတမာတန်းများကို ကားမှန်တံခါးမှ လှစ်ခနဲ လှစ်ခနဲကြည့်ရင်း ရွာတွင်ငိုလျက်ကျန်ခဲ့သော အမေ့ကိုသာ သတိရနေမိတော့သည်။

ဆက်ပါအုံးမည်။
နေကြာရိုး

No comments:

Post a Comment