Sunday, December 6, 2009

၂။ MRT ရထားစီးရင်းအမှတ်တရများ(၂) ( စိတ်ကူးအတိုအထွာများ)

ရထားနှင့်အလုပ်မသွားရသည်မှာ နှစ်လခန့် ကြာမြင့်ခဲ့ပြီ။ စောစောထ၊ ဘူတာသို့ လမ်းလျှောက်သွားပြီး ရထားကို စပါယ်ရှယ်တိုးရသော အချိန်တို့နှင့် နှစ်လခန့် ကင်းကွာနေသော်လည်း မနက်စောစောရထားပေါ်တွေ့နေကျမြင်ကွင်းတို့က မမေ့ပျောက်နိင်ရှာသေး။

မနက်စောစောထရသည်မှာလည်း အလွန်အင်မတန်ပျင်းစရာကောင်းလှ၏။ ညဘက်တွင် မအိပ်ချင်သည်မှာလည်း ဒီနိင်ငံရောက်ကတည်းကပင်။ အပြင်၌လည်း ကားသံက တစ်ညလုံးရှိနေ၏။
သို့သော် မနက် ငါးနာရီခွဲခန့်မှစ၍ တကြွက်ကြွက်ထပြီး အလုပ်သွားကြသော လူကြီးလူငယ်များ၊ ကျောင်းကားစောင့်နေကြသော ကျောင်းသားကျောင်းသူတို့ နှင့် တသုတ်သုတ် ပြေးလွှားနေသောမြင်ကွင်းတို့က နေ့တိုင်းမြင်တွေ့နေရသဖြင့် ဤနိုင်ငံငယ်လေးသည် မိုးလင်းမှ မိုးချုပ်တသုတ်သုတ်နှင့် စက်ရုပ်များပမာ ရှုပ်ယှက်ခတ်နေလေသည်။

မနက်တွင် လိုင်းကားမှတ်တိုင်များ၌လည်း ရုံးအလုပ်သွားချိန်နံနက် ၈ နာရီ မခွဲမီအထိ လိုင်းကားများမှာ တစ်စီးနှင့်တစ်စီး အလာစိပ်ပြီး ဘူတာတွင်လည်း ရထားများမှာ တစ်စီးနှင့်တစ်စီး တစ်မိနစ်၊ နှစ်မိနစ်မျှသာ စောင့်ရသည်မို့ စောစောသွားလျှင် ရထားများကားများစောင့်ရသည့် ဒုက္ခနည်းသော်ငြား လူတိုးရ၊ တန်းစီရသည်က နံနက်တိုင်းပင်။

နံနက် ခြောက်နာရီခန့်မြည်သော ဖုံးမှအချက်ပေးသံဖြစ်သည့် ကြက်အော်သံကိုလည်း အလွန်မုန်းပါ၏။ သို့သော်လည်း ပုံမှန်နိုးရန်ကိုယ့်ကိုယ်ကို မယုံရဲ၍ အချက်ပေးသံမုန်းသော်လည်းနေတိုင်းထထ ပိတ်ရသည့်ဒုက္ခကနေ့တိုင်း။ ပျင်းပျင်းနှင့်ထ။ ရေမိုးချိုး အ၀တ်အစားလဲ။ ဘုရားဖူး စသည် ပုံမှန်အလုပ်ကို လုပ်ပါ၏။မုန့်စား၊ ကော်ဖီတစ်ခွက်သောက်ပြီး အိတ်ဆွဲကာ နားကြပ်ကိုနားထဲထည့်ပြီး တရားနာချင်သည့်နေ့ နာ၏။ မြို့တော် FM နားထောင်သည့်နေ့ နားထောင်၏။ သီချင်းနားထောင်သည့်နေ့နားထောင်၏။ လမ်း တစ်ဆယ်မိနစ်ခန့်လျှောက်ပြီး ရထားဘူတာသို့ရောက်လာပါသည်။ ဘူတာတွင် ဦးရာစနစ်ဖြင့် တန်းလည်းစီရ၏။ ရထားများအလာစိပ်သဖြင့် ကြာကြာမစောင့်ရသော်လည်း လူတော့ အတော်ကြပ်၏။

Air Con ကို နိုင်အောင်လွှတ်ထားသဖြင့် လူများကြပ်သော်လည်း ရထားထဲဝင်လျှင် အေးသွားပါသည်။ “ Excuse Me!...” အသံကလည်း ခဏခဏကြားနေရသည်။ တခါးပေါက်ဝဲယာ ဘေးဘက်မှ တရားဝင်သတ်မှတ်ထားသော ကိုယ်ဝန်ရှိအမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို စသူတို့ထိုင်ရန် အရောင်ရင့်ရင့် ခုံနှစ်ဖက်စီသို့ မသွားဘဲ ခုံရလျှင် နာရီဝက်ခန့် ငိုက်လိုက်ဦးမည် ဆိုသောစိတ်ကူးဖြင့် ပုံမှန်ထိုင်၍ရသည့်နေရာ အလယ်ခေါင်လောက်သို့ စုန့်စုန့်စုန့်စုန့် ဖြင့် ရောက်သွားလေသည်။လက်ကိုင်ကွင်းကိုင်လျက် မိနစ် လေးဆယ်ခန့်ကြာမည့် ခရီးတလျောက် တစ်ဘူတာဝင်တစ်ဘူတာထွက် လိုက်သွားရသည်။ ထိုနေ့တွင် ရှေ့တည့်တည့်မှ အသက် လေးဆယ်ကျော်ခန့် အမျိုးသမီးတစ်ယောက်သည်ရုံးတက်အ၀တ်အစားဖြင့် သားသားနားနားဖြစ်၏။ အိတ်ကြီးအိတ်ငယ်တို့ကို စလင်းဘက်အိတ်ထဲမှ ထုတ်ရင်း မှန်ကိုလည်း ထုတ်လျက် အလုပ်ရှုပ်နေရှာသည်။ ရှေ့တည့်တည့်မှဖြစ်နေသဖြင့် သူမ၏ လှုပ်ရှားမှုအလုံးစုံသည် မမြင်ချင်လည်း မြင်နေရသည်။ အသားဖြူသော အာရှအမျိုးသမီးတစ်ယောက်ဖြစ်သည်။ ပထမဆုံး မှန်ကိုထုတ်လိုက်သည်။ ခဲတံအနက်ရောင်ကဲ့သို့ ခဲတံတစ်ချောင်းထုတ်ပြီး မျက်ခုံးမွှေးများကို ခြယ်သလေသည်။ မျက်ခုံးမွှေးကဲ့သို့ တစ်ဖက်တစ်ကြောင်းစီကိုလည်း ညီညီညာညာခြယ်လိုက်သေးသည်။ ပြီးလျှင် အနက်ရောက် ဗူးရှည်ရှည်လေးကိုထုတ်ပြီး မျက်တောင် ကော့သောပစ္စည်းဖြစ်မည်ထင်၏။မျက်တောင်များကို တစ်ချောင်းစီမှန်သေးသေးဖြင့်ကြည့်လျက် စိတ်ရှည်လက်ရှည် တော့ရှိလှသည်။မျက်တောင်ကိုဆေးဆိုးလိုက်၊ကော့လိုက်၊ ဆေးဆိုးလိုက်၊ ထိုအတံလေးဖြင့် မျက်တောင်ကိုကော့လိုက် မှန်ကြည့်လိုက်၊ ဘေးဝဲယာမှ သူများကို သတိမမူနိင်တော့။ အာရုံအပြည့်ဖြင့် အလှပြင်နေ၏။ မျက်တောင်ကော့ပြီးအိတ်ထဲမှ နောက်ထပ်တစ်ဗူးထုတ်လိုက်ပြန်သည်။ မျက်ခွံပေါ်သို့ အရောင်တင်သော ဗူးဖြစ်၏။ စုပ်တံသေးသေးလေးတစ်ခုနှင့် ပန်းရောင် နည်းနည်း အပြာရောင်နည်းနည်း စိတ်တိုင်းကျ ခြယ်သနေသည်။ ပါးပေါ်သို့ တို့ဘတ်တစ်ခုနှင့် နောက်ထပ်ဗူးတစ်ခုထဲမှ မိတ်ကပ်တစ်မျိုးကိုသုံးပြီးခြယ်သလိုက်သေး၏။ မှန်ကိုလည်း ခဏခဏကြည့်ပြီး မျက်လုံးများမှာ မှန်သို့ ပုံစံစုံဖြင့် ကြည့်နေသကဲ့သို့ ထင်ရ၏။ ချက်ချင်းဆိုသလိုပင် နှုတ်ခမ်းနီဗူးတစ်ဗူးထုတ်လိုက်ပြီး နှုတ်ခမ်းကိုခြယ်လိုက် နှုတ်ခမ်းနှစ်ဖက် ဖိပိတ်ကာ နှုတ်ခမ်းချင်းကိုက်သကဲ့သို့ မှန်သို့ကြည့်ကြည့်နေ၏။ ဘေးမှ အသက်မတိမ်းမယိမ်း အမျိုးသမီးတစ်ယောက်၏ နှစ်ခေါင်းရှုံ့သည်ကိုလည်းမမြင်၊ မျက်စောင်းထိုးနေသည်ကိုမမြင်နိုင် အလုပ်သို့မရောက်မီ သဲကြီးမဲကြီးအလှပြင်နေရှာ၏။ ၂၅ မိနစ်ခန့်အကြာတွင် သူမမျက်နှာသည်လည်း ရထားထဲဝင်လာလာချင်းက မြင်ရသောပုံစံမဟုတ်တော့။ အလှပြင်ခန်းမှ ထွက်လာသကဲ့သို့ ကျော့မော့သွားသည်။ ဘေးမှအမျိုးသမီးနှစ်ယောက်ကမူ မကျေနပ်သောမျက်နှာများနှင့်။။... .. စူ စူ စူ စူ....
မြင်ကွင်းတို့ကိုကျောခိုင်းလျက် အလုပ်နှင့်နီးသော အိုထရန်ပါ့ခ် ဘူတာသို့ရောက်သဖြင့် ရထားထဲမှ ထွက်ပြီး အလုပ်ဆီသို့ သုတ်သုတ်သုတ်သုတ်လျှောက်သွားခဲ့လေတော့သည်။
.........မိုးသောက်အလင်းရောက်သည်နှင့် သုတ်သုတ်သုတ်သုတ် အလုပ်သွားကြ.... အလုပ်ပြန်ကြ... ကို စာအုပ်များထဲ၌ တွေ့ဖူးသော်လည်း... ..
အလုပ်သွားရင်း သုတ်သုတ်သုတ်သုတ် အလှပြင်သည်ကိုမူ ဤနို်င်ငံကိုရောက်မှပင် မြင်ဖူးသောကျွန်တော်...


နေကြာရိုး
ဆက်ပါဦးမည်။

No comments:

Post a Comment