Monday, November 30, 2009

၁။အမ်အာရ်တီ ရထားစီးရင်း အမှတ်တရများ ( စိတ်ကူးအတို အထွာများ)

လွန်ခဲ့သော တစ်နှစ်ကျော်လောက်ကဖြစ်၏။ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် အလုပ်လုပ်စဉ်အချိန်။ ပထမဆုံးအလုပ်ဖြစ်သောကြောင့် အထာသိပ်မသိသေးသောကာလ။ ရေသောက်ဖို့လည်းမေ့၏။ အပေါ့အလေးသွားဖို့လည်းမေ့၏။ အလုပ်ကို ကြိုးစားလုပ်ရင်း မသိသေးသော အသစ်အသစ်များကို အာရုံစိုက်လေ့လာနေရသောစိတ်တို့ကြောင့် ၀မ်းချုပ်သည်ကိုလည်း မေ့နေပါ၏။ အေးသော အခန်းထဲတွင် နေရသောကြောင့်တစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေးသတိမထားမိသောကြောင့်တစ်ကြောင်း နှုတ်ခမ်းကွဲလာမှသာ ကိုယ့်ကိုယ်ကို သတိမူမိသည်။ အလုပ်သို့သွားရန် မိုးမလင်းခင် ရေနွေးသုံးပြီး ရေချိုးဖြစ်သည်။ မနက်အစောကြီး ထမင်းချမ်းစားသောအကျင့်မရှိသဖြင့် ကော်ဖီတစ်ခွက်နှင့် ဘီစကစ် တစ်ချပ်နှစ်ချပ်စားပြီး အ၀တ်အစားလဲကာ ရထားဘူတာသို့ လိုင်းကား၎ မှတ်တိုင်စီးပြီးနောက် ရထား၁၅ ဘူတာလောက်စီးပြီးမှ အလုပ်သို့ရောက်၏။ အလုပ်ရောက်လျှင်လည်း လော့ကာထဲအိတ်ထည့်ပြီး ဂျူတီကုတ်ကမန်းကတမ်းဝတ်ကာ အလုပ်စရ၏။ သောက်ရေဗူးယူရကောင်းမှန်းမသိသောကြောင့် ရေသောက်ချိန်လည်းမမှန်ဖြစ်ခဲ့သည်။ ညနေ ခုနစ်နာရီခန့်တွင် အိမ်သို့ ရထားနှင့်ပြန်ရ၏။

အလုပ်သွားလိုက် အိမ်ပြန်လိုက် လေးလလောက်ကြာမြင့်လာပြီး တစ်နေ့သောညနေတွင် အမ်အာရ်တီ ရထားစီးရင်း ထိုင်ခုံမရသောသဖြင့် လက်ကိုင်ခိုင်းကို ကိုင်ပြီးစီးလျက်တငြိမ့်ငြိမ့် ဟိုစဉ်းစားဒီစဉ်းစားနှင့် မျက်စိအစုံက ရှေ့ထိုင်ခုံပေါ်မှ မိန်းကလေးတစ်ယောက်၏ ခြေဖမိုးနှစ်ဖက်ကို ကြည့်နေမိ၏။ သူမသည် အာရှမျက်နှာနှင့် အ၀တ်အစားကို ရုံးတက်ဝတ်စားဖြင့်။ စကပ်နှင့် ကုပ်အင်္ကျီလည်းဝတ်ထားသည်။ ခဏအကြာတွင် ထိုမိန်းကလေး၏ ဘေးမှ ခရီးသည်တစ်ယောက်ထသွား၏။ တခြားသူများကိုဦးစားပေးသောအနေဖြင့် တခြားသူများကိုအထိုင်ခိုင်းပါသေးသည်။ မည်သူမျှ မထိုင်သဖြင့် ၀င်ထိုင်လိုက်၏။ ထိုမိန်းကလေးနှင့် ဘေးချင်းကပ်လျက်ဖြစ်သွားသည်။သူမမျက်နှာသည် အားနည်းပြီး ဖြူဖတ်ဖြူရော်ပုံပေါက်နေ၏။ ရထားနံရံကိုမှီလျက် စီးလာသော ထိုမိန်းကလေး၏ ခြေဖမိုးများမှာသိသိသာသာ ဖောင်းနေပြီး ပုံမှန်မဟုတ်မှန်းသိသာ၏။ မြေအောက်လမ်းတစ်လျောက်စီးလာကြ၏။ ခဏကြာသော် သူမဆီသို့ ဖုံးဝင်လာပြီး မြန်မာလို ပြန်ပြောမှ မြန်မာမိန်းကလေးမှန်းသိရလိုက်ရ၏။

ဖုံးချသွားပြီးနောက် သူ့ကျန်းမာရေးအခြေအနေမှန်ကို မေးကြည့်ချင်လာသည်။
“အစ်မ နေကောင်းရဲ့လား။ ”ဟု မေးလိုက်ပါ၏။
ထိုအချိန်မှ သူ့အကြောင်းပြောပြပါ၏။ ”ကျမလည်း ခြေထောက်ရောင်နေတယ်လို့ထင်နေတာ။ ပြီးခဏခဏလည်းမူးတယ်။ အလုပ်က စလုပ်တာ နှစ်လလောက်ပဲရှိသေးတယ်။ စားရင်းကိုင်အလုပ်ပါပဲ။ ရန်ကုန်မှာ စီပွားရေးမေဂျာနဲ့ပြီးပြီးချင်း ဘာသင်တန်းမှလည်းမတက်ဘဲ အတွေ့အကြုံလည်းမရှိဘဲဒီထွက်လာပြီးအလုပ်ရှာတာ ရသွားတယ်။ ခုတော့ အလုပ်ထဲမှာက အားလုံးကို အသစ်တွေလိုလေ့လာနေရတာ။ ပြောတာဆိုတာကလည်း စစချင်း သိပ်အဆင်မပြေဘူး။ ရေလည်းသောက်ဖို့မေ့တယ်။ ထမင်းလည်း မစားနိုင်ဘူး။ စိတ်ဖိစီးမှုတွေများတယ်။ အိမ်ရောက်တော့လည်း အိပ်လို့သိပ်မပျော်ဘူး။ စားလို့လည်း သိပ်မရဘူး။” စသဖြင့် ပြောပြပါ၏ ။
တတ်နိုင်သလောက်အကြံပေးလိုက်ပါ၏။ ရေများများသောက်ဖို့၊ အလုပ်ကို ရေဗူးယူပြီး မကြာမကြာရေသောက်ဖို့ ဆီးဝမ်းလည်းဂရုစိုက်ဖို့ ဗိုက်တာမင်အားဆေးသောက်ရင်ပိုကောင်းကြောင်း စသဖြင့် အကြံပေးလိုက်ပါ၏။

အင်တာချိန်းရောက်လာသောကြောင့် ရထားပေါ်မှဆင်းပြီး လမ်းကွဲသွားတော့သည်။ထိုအစ်မမှာ အစိမ်းရောင်လိုင်းအတိုင်း ဘွန်လေး ဘူတာထိဆက်ပါသွား၏။ အနီရောင်လိုင်းရထားစောင့်ရင်း တစ်ကိုယ်တည်း ကြိတ်ပြီး တွေးနေမိသည်။ အလုပ်စစချင်း ရေသောက်ရန်မေ့ဖူးသော၊ ရေဗူးမယူဖူးသော၊ အပေါ့အလေးသွားဖို့ သတိမရသော ကိုယ့်ကိုယ့်ကို တွေးရင်းတွေးရင်း.... “ငါလည်း ဒီလို ဖြစ်လိုက်သေးတာပဲ။ နှခမ်းပဲကွဲတာ။ တော်ပါသေးရဲ့။”

ရထားရောက်လာပြီ။ လူများက ကြပ်သိပ်နေ၏။ “တက်တက်တက်တက်” ဟု တံခါးမပိတ်ခင် ရထားမြည်သောအသံကြောင့်ရှေ့သို့အနည်းငယ်တိုးပြီး ကြပ်ကြပ်နှင့် အိမ်ပြန်လာခဲ့ပါတော့၏။

ဆက်ပါဦးမည်.....
နေကြာရိုး

No comments:

Post a Comment