Wednesday, July 7, 2010

အညာရွာမှ အမေ့ဟင်းလျာများ(၂)

ယနေ့နံနက် နှစ်နာရီ သုံးဆယ်မိနစ် တွင် တောင်အာဖရိက နိုင်ငံ၌ ခြိမ့်ခြိမ့်သဲကျင်းပနေသော ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲကြီး၏ ဂျာမဏီ နှင့် စပိန်နိုင်ငံ ဆီမီးဖိုင်နယ် ပွဲဖြစ်သည်။ ထိုပွဲကို ရုပ်မြင်သံကြားမှ ကြည့်ဖို့ ဆုံးဖြတ်ထားသော ကျနော်တစ်ယောက် တစ်နာရီခန့်လိုသေးသည်မို့ ရသောအချိန်လေးတွင် ကွန်ပြူတာကို ခဏဖွင့်ပြီး အီးမေးစစ်နေမိသည်။ ကွန်ပြူတာကိုသုံးရင်း ကြည့်ရင်းဖြင့် အမေ့ဓါတ်ပုံတို့ကိုလည်း ကြည့်နေမိသည်။ “....အမေတို့ ကျန်းမာပါစေ..”

စိတ်ထဲတွင် တီးတိုးဆုတောင်းရင်း ငယ်ငယ်က အမေနှင့်ရှိနေခဲ့သောအချိန်များ၊ အမေချက်ကျွေးခဲ့သော ဟင်းလျာများကို လည်း သတိရနေမိသည်။ ညနက်လာပြီမို့ ဗိုက်ကလည်း တစ်ခုခုစားချင်လာသည်မို့ပင်။

ကျနော့်အသက် ၉ နှစ်ခန့်၊ တတိယတန်းကျောင်းသားအရွယ် အောက်တိုဘာ သီတင်းကျွတ်ကျောင်းပိတ်ရက်အချိန်ဖြစ်၏။ အညာဒေသ ကျနော်တို့ ရွာတွင် မြေပဲပေါ်ချိန်လည်းဖြစ်၏။ မနက်မိုးလင်းလုလု အချိန်တွင် အစ်ကိုအကြီးဆုံးနှင့်အတူ မြေပဲခင်း ရှိရာ တစ်မိုင်ခန့်ဝေးသည့် ယာတောသို့ နွားလှည်းပေါ်တွင် စီးလျက် အိပ်ငိုက်ရင်း လိုက်ပါလာသည်။ အဖေ၊ အစ်ကိုလတ်နှင့် မမတို့သည် နောက်မှ မြေပဲဆွတ်လူငှားတို့နှင့် ခြေလျင်လာခဲ့ကြ၏။ အိမ်တွင် အမေတစ်ယောက်တည်း ကျန်ခဲ့လေသည်။

ယာတောသို့ တစ်မိသားစုလုံးသွားကြရသည်မို့ နံနက်စာကို အမေအိမ်မှ ပြင်ဆင်နေရ၏။ ထမင်းကြော်ကို ဇလုံအကြီးကြီး တစ်ခုထဲသို့ ထည့်ပြီး ပန်းကန်ပြားဖြင့်ဖုံးကာ လုံချည်နှင့် ကျစ်နေအောင်ထုတ်ထား၏။ မြေပဲဆံကြော်၊ ငရုတ်သီးထောင်းနှင့် ပဲပုန်းရည်ချဉ်ဟင်းတို့ကိုမူ ဗူးကြီး၊ ဗူးငယ်များနှင့် ထည့်ပြီး ပြင်ထားနေတော့သည်။

နေ့လည်စာကို နံနက်ဆယ့်တစ်နာရီလောက် နားချိန်တွင် တစ်မိသားစုလုံးစားရန် ဆန်နို့ဆီဗူးခုနစ်လုံးခွဲကို ဒန်အိုးကြီးနှင့် ချက်ပြီး ကုလားပဲဟင်း၊ ငံပြာရည်ချက် နှင့် ၀က်သားသုံးထပ်သားအရည်ဆမ်းဟင်းတို့ကို ချိုင့်များနှင့် ထည့်နေလေသည်။

မနက်စာအတွက် ထုပ်ထားသော ထမင်းကြော်ထုပ်နှင့် ဟင်းများ၊ နေ့ခင်းစာအတွက် ထည့်ထားသော ဟင်းချိုင့်တို့နှင့် တစ်မိသားစုလုံးအတွက် နေ့ခင်းစာချက်ထားသော ဒန်အိုး ထမင်းအိုးကြီးတို့ကို လျော်နှီးတောင်းကြီးထဲတွင် ထည့်ပြီး ပုဆိုးကို ခွေပြီး ခေါင်းခုလုပ်ကာ တောင်းကြီးကို ရွက်လျက် နံနက် ရှစ်နာရီမထိုးမီရောက်ရန် ရွာနှင့် တစ်မိုင်ခန့်ဝေးသော ယာတောဆီသို့ အမေတစ်ယောက် အားကျိုးမာန်တက် လာနေလေသည်။

အမေ့တွင် အင်္ကျီ တစ်ရောင်တည်းသာ ရှိ၏။ အိမ်လက်ဖြစ် ချည်ပင်နီရင်ဖုံးအင်္ကျီဖြစ်၏။ အမေသည် အိမ်ယက်ကန်းစင်တွင် ကိုယ်တိုင်ယက်ပြီး ဆေးဆိုးချည်ထဘီကို တိုတိုဝတ်လေ့ရှိသည့် အညာဒေသ မြန်မာအမျိုးသမီး တစ်ဦးဖြစ်၏။ တစ်ရွာလုံးလိုလို ခေတ်မီမီ နေကြသော်လည်း အမေတစ်ယောက်တည်းသာ ပင်နီချည်ရင်ဖုံးအင်္ကျီ၊ လက်ဖြစ် ဆေးဆိုးထဘီနှင့်သာ ရှိနေခဲ့သာချည်းပင်။ နံဖူးမှ ဆံမြိတ်များ တိုးလိုးတန်းလန်း ကျလျက် သားသမီးများ၊ အဖေနှင့်အတူ နံနက်စာ၊ နေ့လည်စာတို့ကို အတူစားရန် အမေရောက်လာတော့သည်။ နံနက် အာရုံမတက်မီကတည်းက ချက်ပြုတ်နေရသော အမေတစ်ယောက် တစ်မိုင်ခန့်ဝေးသော တောလမ်းကို ထမင်းတောင်းကြီးနှင့် ဖြတ်လျောက်လာရသည်ကို စိတ်ထဲမထားဘဲ ယာတောအလယ် တပွတ်ပင်ကြီးအောက်၌ ထမင်းတောင်းကို ထားပြီး ပန်းကန်တို့၊ ဇွန်းတို့ ပြင်ပြီး အစ်ကိုကြီး၊ မမနှင့် အဖေတို့ကို ထမင်းအတူလွေးဖို့ အော်ခေါ်နေတော့သည်။

ကျနော်လည်း အငယ်ဆုံးမို့ အမေ့လာသည်နှင့် အမေ့နားကမခွါ စားဖို့သောက်ဖို့ပင် တကဲကဲဖြစ်နေသည်။ အဖေ၊အစ်ကိုတို့ နှင့် မမတို့လာမှ အတူစားဖို့ မှားကြားသည်ကို နားထောင်ရပြန်သည်။ စောစားချင်သည်ကို အောင့်အီးရသည်ကို ဒုက္ခထင်ခဲ့မိသည်။ အဖေ၊အစ်ကိုကြီး၊အစ်ကိုလတ်၊မမ၊အမေနှင့် ကျနော်တို့ ယာတောအလယ်မှ တပွတ်ပင်ကြီးအောက်တွင် ၀ိုင်းဖွဲ့ထိုင်ပြီး အမေပါလာသော တောင်းထဲမှ မနက်စာဖြစ်သည့် ထမင်းကြော်ကို တစ်ပန်းကန်စီ ထည့်ကာ ပဲပုန်းရည်ချဉ်ဟင်း၊ မြေပဲဆန်ကြော်နှင့် ငရုတ်သီးထောင်းတို့ကို အလယ်မှာထားလျက် ယာတောမှ မြေပဲဥပုံအခြေအနေ၊ နွားများစားဖို့ ပြင်ဆင်ဖို့ကိစ္စ၊ မြေပဲတောင့်များဆွတ်ရန်ခေါ်ထားသော လူငှားများကိစ္စတို့ကို ပြောရင်း စကားတပြောပြောနှင့် သူ့ပုံပေးလိုက် ကိုယ့်ပုံပေးလိုက် ပျော်ပျော်ပါးပါး မနက်စားစားခဲ့ကြသည်။ ထမင်းကို ဆံနွမ်းနည်းနည်းနှင့် မွှေးအောင်ကြော်ထား၏။ စားသောအချိန်တွင် အေးနေသော်လည်း ချဉ်ဟင်းကို ဆမ်းလိုက် ငရုတ်သီးထောင်းမြှုပ်စားလိုက်နှင့် အားရပါးရရှိလှသည်။

စားပြီး လက်ဆေးကြ၏။ နွားများကို အစာကျွေး ရေသွားတိုက်ကြရသည်။ မနက်စာစားပြီးသည်နှင့် အဖေနှင့် အစ်ကိုတို့ ထွန်များနှင့် အလုပ်ရှုပ်ကြပြန်တော့သည်။ မမသည် ညနေအတွက် နွားများစားရန် မြက်ရိတ်နေရ၏။ အမေလည်း လူငှားများနှင့် မြေပဲပင်များကို စုပုံခြင်း စသည့် ကိစ္စများနှင့် ရှုပ်နေ၏။ ကျနော်တစ်ယောက် အမေက တစ်ပြည်ခန့်ဆံ့မည့် နှီးတောင်းလေးတစ်လုံးပေးထား၏။ ယာတောတွင် မြေကြီးပေါ်တွင် ကျကျန်ခဲ့သည့် မြေပဲတောင့်များကို ကောက်ဖို့ပြောထား၏။ မြေပဲတောင့်များကို ကောက်ရသလောက်ကျနော့်အတွက် ဟုဆိုပြီး အပိုင်ပေးထား၏။ ရသမျှကို အမေ့ဆီပြန်ပေးပြီး ကျောင်းမုန့်ဖိုး ပိုရမည်ဖြစ်၏။ ကျောင်းမုန့်ဖိုးပိုရရန် စိတ်ထဲထားပြီး ထိုပြည်တောင်းသေးသေးလေးနှင့် အားရပါးရ မြေပဲတောင့်လိုက်ကောက်နေမိသည်။

နေ့လည် ဆယ့်နှစ်နာရီခန့်တွင် မိသားစုအားလုံး ယာလယ်မှ တပွတ်ပင်အောက်တွင် နေ့လည်ထမင်းအတွက် ၀ိုင်းကြပြန်သည်။ ထမင်းဒန်အိုးကြီးကို ထုတ်ပြီး ပန်းကန်များနှင့် မမနှင့် အမေက ပြင်ပေး၏။ ကုလားပဲဟင်း နှင့် ငရုတ်သီးငံပြာရည်ချက်ကို အလယ်တွင် ထားလိုက်ပြန်သည်။ ထို့နောက် ၀က်သားသုံးထပ်သား အရည်ဆမ်းဟင်းကို ချိုင့်ကြီးကြီးနှင့် ထည့်ပေးထားသည်။ နံနက်ဝေလုဝေလင်းတွင် ရွာတွင် ပေါ်သော ၀က်သားငါးဆယ်သားကို အိမ်သို့ စောစောစီးစီးလာရောင်းသောကြောင့် အမေ၀ယ်ပြီး ချက်ထားသည်ထင်၏။ ၀က်သားသုံးထပ်သားကို ရေနှင့် ငရုတ်သီးရှိတ်ရှိတ် ထည့်ချက်ထား၏။ သုံးထပ်သား ထိပ်မှ အသားတုံးကို ဖဲ့ပြီး အမေက ကျနော်ပန်းကန်ထဲသို့ အမြဲထည့်ပေး၏။ အမေက အဆီနှင့် အခေါက်ကို သာ စား၏။ ထိုစဉ်က ကျနော်သတိမထားမိခဲ့ချေ။ တစ်ယောက်ကို ၀က်သားသုံးတုံးခန့်သာ နေ့လည်စာအတွက် စားကြ၏။ ဗုံးဘောလဟော မစားကြရပေ။

စကားတပြောပြော စားကြနှင့် မောပန်းသည်ကို စိတ်တွင်မရှိ။ ချွေးတပြိုက်ပြိုက်နှင့် အားရပါးရလွေးလျက် မိသားစုတွေ နွေးထွေးခဲ့ကြသည်။

ညနေမိုးချုပ်ခါနီးတွင် အလုပ်သိမ်းကြ၏။ နွားများကိုလည်း ညနေစာအစာကျွေးရန်အတွက် အိမ်သို့အမြန်ပြန်ဖို့ ပြင်ကြ၏။ မြေပဲတောင့်များကိုလည်း နွားလှည်းပေါ်တွင် ရိုင်ပတ်ပြီး ထည့်ကြရ၏။ အမေတစ်ယောက် ညစာအတွက် ယာစည်းရိုးသို့ သွားပြီး ကင်းပုံရွက်များကို ခူးနေလေ၏။ ခူး၍ရခဲ့သော ကင်းပုံခါးသီး၊ နှင့် ကင်းပုံရွက်တို့ကို ပုဆိုးနှင့် ထုပ်လျက် အမြန်သုတ်သုတ် ပြေးလျက် နွားလှည်းပေါ်သို့ လာခဲ့တော့သည်။ အငယ်ဆုံး ကျနော်တစ်ယောက် အမေသွားရာနောက် တကောက်ကောက်သာ လိုက်နေမိတော့သည်။ နေလည်းဝင်ခါနီးဖြစ်လာသည်မို့ပင်။

နွားလှည်း တချွိမ်ချွိမ် နှင့် အိမ်သို့ ပြန်လာကြသည်။ အိမ်ရောက်ရောက်ချင်း အစ်ကိုတို့ မမနှင့် အဖေတို့ က နွားများကို အစာကျွေးဖို့ မြက်စင်းကြရ၏။ မြေပဲများကို လှည်းပေါ်မှ တလင်းပေါ်သို့ ချကြရ၏။ အမေတစ်ယောက် အိမ်ရောက်သည်နှင့် ထမင်းအိုးကို မြန်မြန်ဆေး ပြီး ထင်းမီး တမြိုင်မြိုင်နှင့် ထမင်းစချက်တော့သည်။ ထမင်းကျက်သည်နှင့် အဆင်သင့်ပါလာသော ကင်းပုံရွက် ကို အရည်သောက်ဟင်းချက်လေတော့သည်။ ဘက်ထရီမီးရောက်တမှိန်မှိန် နှင့် ကျနော်တစ်ယောက် ဘာလုပ်ရမှန်းမသိသောကြောင့် အမေရှိရာ မီးဖိုချောင်သို့သာ သွား၍နေတော့သည်။ နွားများလည်း အစာဝပြီး အိပ်ဖို့ နေရာချပေးပြီးသွားပြီ။ အမေလည်း ထမင်းဟင်းတို့ ကျက်ပြီးစဖြစ်သည်။ စားပွဲဝိုင်းခုံလေးကို မီးဖိုချောင်အပြင်ဘက်ထုတ်ပြီး အိမ်ရှေ့ အရပ်တဲ တလင်းပြင်တွင် ပူပူလောလောချက်ထားသော ထမင်း၊ ညနေကမှ ခူးထားသော ကင်းပုံရွက်ဟင်းချို နှင့် မနက်မှ အသားဟင်းအကျန်၊ ငံပြာရည်ချက်အကပ်တို့နှင့်အတူ စားပွဲဝိုင်းတွင် ဆောင့်ကြောင့်ထိုင်ပြီး ထမင်းကို လက်နှင့် အားရးပါးရ လွေးကြလေတော့သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အညာရွာမှ အမေတို့နှင့် မြိန်ရေယှက်ရေစားခဲ့သော အချိန်တို့ကိုလည်း သတိရနေမိသည်။ အဖေ၊အမေ၊ အစ်ကိုတို့ နှင့် မမတို့လည်း ကျနော်မပါသောထမင်းဝိုင်းကို ခါတိုင်းလို ပျော်ပျော်ပါးပါးစားနေနိုင်ဖို့ ဆန္ဒပြုနေမိသည်။ ..................

ယခု ကျနော်ရောက်ရှိရာနိုင်ငံတွင် နံနက် နှစ်နာရီ သုံးဆယ်ကိုးမိနစ်ဖြစ်နေပြီဖြစ်သည်။ တောင်အာဖရိကနိုင်ငံမှ ၂၀၁၀ ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်ပွဲဖြစ်သည့် ဂျာမဏီနှင့် စပိန်ပွဲကို အိမ်ရှေ့ဧည့်ခန်းတွင် သွား၍ကြည့်လိုက်အုံးမည်။

စာဖတ်မိတ်ဆွေသူငယ်ချင်းများကို အမြဲရိုသေလေးစား ခင်မင်လျက်...

နေကြာရိုး