Saturday, May 8, 2010

ဟီးဟီး.....

“ဟီးဟီး ”ရယ်လိုက်မိသည်။ စိတ်ထဲ၌ ရယ်ချလိုက်မိသည်။
၂၀၁၀ မေ ၇ ရက်နေ့ အလုပ်ထဲတွင် အားလုံးအစည်းအဝေးရှိသောကြောင့် လုပ်လက်စ အလုပ်ကို ခပ်သုတ်သုတ် ပြီးအောင်လုပ်ပြီး လက်မှ ရာဘာ လက်အိတ်တစ်စုံကို အမြန်ချွတ်လိုက်၏။ အစည်းအဝေးခန်းမကြီးမှာ ပရိုဂျက်တာနှင့် အပြည့်အစုံရှိသော်ငြား နေကြာရိုးအပါအ၀င် ရောဂါရှာဖွေစိစစ်ရေးဝန်ထမ်းများအားလုံး အဖြူရောင်ဝတ်ရုံရှည်ကြီးများ( ဂျူတီကုတ်) ၀တ်ဆင်ထားကြလျက် တက်တက်ကြွကြွ ရှိနေကြသည်။

အစည်းအဝေးကို အုပ်ချုပ်ရေးဒါရိုက်တာဖြစ်သော ဒေါက်တာမား မှ စပြီး လပတ်အစည်းအဝေးပွဲကို စကားချီးပြော၏။ အလုပ်ကိစ္စတို့ကို ဆက်ပြီး ပြောကြ၏။ သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် အားလုံး ဂျူတီကုတ်ရှည်များ ၀တ်ဆင်ထားလျက် ၊ အားလုံးမတ်တပ်ရပ်နေပြီး အစည်းအဝေးကို တက်တက်ကြွကြွ ကျင်းပနေသောကြောင့်ပင်။ အားလုံးဝိုင်းဖွဲ့ပြီး ခန်းမကျယ်ကြီး တစ်ခုလုံးပြည့်နှက်နေ၏။ မေးခွန်းများမေးလိုက် ပြန်ပြီး ရှင်းပြလိုက်ဖြင့် အားရပါးရ ရှိလှသည်။

ဒါရိုက်တာကြီးပြီးသည့်နောက် မန်နေဂျာဖြစ်သော ပြင်သစ်လူမျိုး မစ်စ် မာရီလိုင်း ပြော၏။ အဓိကအကြောင်းရင်းမှာ မကြာသေးမီမှ အမေရိကန်မှ လာရောက်စစ်ဆေးသည့် ရောဂါရှာဖွေစိစစ်ရေး ကမ္ဘာ့အသိအမှတ်ပြု လိုင်စင်ကို ၀န်ထမ်းများအားလုံးမှ အောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့သောကြောင့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်ကို အလုပ်မှ စီစဉ်ပေးမည့်အကြောင်းဖြစ်၏။

မေလနောက်ဆုံးအပါတ်တွင် စကာင်္ပူ တရိစ္ဆာန်ဥယျာဉ်သို့ ညဘက်သွားကြမည့် အစီအစဉ်ဖြစ်၏။ တရိစ္တာန်များ၏ ကပြဖျော်ဖြေမှုများ ကြည့်ရှူရင်းနှင့် ညစာအစားအသောက်များဖြင့် သွားရောက်ဆင်နွဲရမည့်အကြောင်းများ၊ ကြိုပို့အစီအစဉ်များကို တစ်ယောက်ပြီး တစ်ယောက် မန်နေဂျာနှင့် ပြောကြ၏။

ရယ်လိုက်မောလိုက် ပျော်စရာကောင်းသော အစည်းအဝေးပါပေ။
နောက်ဆုံးမေးခွန်းများနှင့် အစီအစဉ်များကို စင်္ကာပူ လူမျိုးဝန်ထမ်းများမှ မေးနေကြ၏။ “ ညဘက်ကို သွားရမှာဆိုတော့ ဂျင်းဘောင်းဘီတိုဝတ်တဲ့သူတွေနဲ့ အင်္ကျီလက်တို ၀တ်တဲ့သူတွေ ခြင်ကိုက်မှာတော့ စိုးရတယ်။ ခြင်မကိုက်အောင် လိမ်းဆေးတစ်ခုခု ၀ယ်ဖို့လိုလိမ့်မယ်။ ” ဟု ပြောဆိုသည်ကို မန်နေဂျာမှ “ အင်း ဟုတ်သားပဲ နောက်နေ့ဆို မန်နေဂျာလည်း ခြင်ကိုက်လို့ အလုပ်မလာနိုင်ဆိုပြီး ခွင့်ယူမယ်.. ဟဲ ဟဲ...” ဆိုပြီး ရယ်စရာပြော လိုက်သေးသည်။
ထို့နောက်တွင်မှ အမေရိကန်လူမျိုး မစ်စ် ရန်ရှား မှ “ စပရေးလည်း သုံးရင် မဆိုးဘူး။ လိမ်းဆေးလိမ်းတာပဲဖြစ်ဖြစ် ၊ စပရေးဗူးပဲ ဖြစ်ဖြစ် ရပါတယ်။” ဟူ၍ ပြောဆိုကြသည်ကို အစည်းအဝေးထဲမှ ကျွန်တော်တစ်ယောက်လည်း နားပဲ ထောင်နေလိုက်သည်။

နားထောင်ရင်း ပြန်စဉ်းစားမိသည်။ “ ငါတို့များ မြန်မာပြည်မှာ နေလာလိုက်တာ မျက်နှာသစ်ရင်တောင် ဆောင့်ကြောင့်ထိုင်ရင်း ထူတဲ့ပုဆိုးကိုတောင် ပေါက်အောင်ကိုက်နိုင်တဲ့ ခြင်ကြားတွေနဲ့ နေလာခဲ့တာ။ ညဘက်ခြင်ထောင်က များ လွတ်လိုက်တဲ့နေ့ဆိုရင် တံတောင်ဆစ်တွေ၊ ခြေဖမိုးတွေ ဆို ပန်းရောင်ရင့်ရင့် အဖုတွေ ပြွှတ်လို့ သိပ်လို့။ ဒါလည်း အေးဆေးပဲ နေလာခဲ့တာ။ ခြင်ကိုက်ခံလိုက်ရတယ်ဆိုတဲ့အကြောင်း မပြောမိခဲ့ပါဘူး။ ဒါပေမယ့် ငါတို့မြန်မာပြည်မှာက ဂျမ်ဘို တို့ ဂေါ်ဇီလာတို့ရှိတာကိုး ဟဲဟဲ။ အခု သွားမယ့် စကာင်္ပူ တရိစ္ဆာန် ဥယျာဉ်က ဂေါ်ဇီလာတို့ ၊ ဂျမ်ဘိုတို့ ရှိချင်မှရှိမှာကိုး။ ဟီးဟီး... ” တစ်ယောက်တည်း ပြုံးပြီး သဘောကျလျက် စိတ်ထဲတွင် ရယ်နေမိသည်။

ဘာမေးစရာတွေရှိကြသေးလဲ။ “ နိုး ကွက်စ်ချင်န်” ဆိုပြီး အစည်းအဝေးပွဲပြီးသွားကာ မိမိတို့ အလုပ်လုပ်ကြသည့် နေရာကိုယ်စီသို့ ပြန်ကြ၏။ မိမိအလုပ်လုပ်ရာ ဓါတုဗေဒ ဖြင့် ရောဂါရှာဖွေသောဌာနသို့ ပြန်ရောက်ပြီး အလုပ်လုပ်နေကြရင်း ယင်ကောင်တစ်ကောင် ရောက်လာသဖြင့် သူတို့ အထိတ်တလန့်ဖြစ်သည်ကို မြင်ရပြန်၏။ “ စိတ်ကို ကလိကလိဖြစ်တယ်။ ဘုရား ဘုရား.. ယင်ကောင်ပဲ၊၊ ” ဟုဆိုကာ ဘယ်မှာ နေရမှန်းမသိ ဖြစ်နေသော ကျွန်တော်၏ လုပ်ဖော်ကိုင်ဘက်သူငယ်ချင်း စကာင်္ပူလူမျိုးများ ငြီးတွားနေကြလေ၏။

မြန်မာပြည်မှ လာသော ကျွန်တော့်အဖို့ ယင်ကောင်ဆိုသည်မှာ ကြောက်စရာသတ္တ၀ါတစ်ကောင်မဟုတ်တော့။ စားရင်းသောက်ရင်း သုံးလေးကောင်လာရင်တောင် ယပ်တောင်လေးတစ်ချောင်းနှင့် တစ်ချက်နှစ်ချက်ခြောက်လိုက်ပြီး လျှင် စိတ်ထဲတွင် ယင်ကောင်ဆိုသည်ကို မေ့သွားခဲ့သည်ချည်း။

ဧည့်သည်ကို စားရင်း ယပ်တောင်တစ်ချောင်းနှင့် ယင်ကောင်ခြောက်ပေးရသည်ကို ရိုးရာဓလေ့တစ်ခုလို မြန်မာပြည်မှာ နေလာခဲ့ရသည်မို့ စိတ်ထဲ၌တော့ “ဟီးဟီး....” ဟူ၌သာ ရယ်လိုက်မိတော့သည်။


ခြင်ကြောင့်ဖြစ်သော ရောဂါများ၊ ယင်ကောင်ကြောင့်ဖြစ်သော ရောဂါများကို သိထားကြသောကြောင့် လုံးဝ ခြင်ကိုက်မခံရဖူးသူများ၊ ယင်နားသည့်အရာများနှင့် မထိတွေ့မကိုင်ဖူးသော သူများအားလုံး ကြောက်ကြသည်မှာ မှားသည်ဟု မဆိုနိုင်ပါ။ သို့သော်.မြန်မာပြည်မှ လာသော နေကြာရိုးအဖို့ ရိုးနေသောကြောင့် “ ဟီး .. ဟီး..” ရယ်နိုင်နေခြင်းသာ........


စာဖတ်မိတ်ဆွေ၊ သူငယ်ချင်းများကို အစဉ်လေးစားခင်မင်လျက်
နေကြာရိုး


No comments:

Post a Comment