Wednesday, May 12, 2010

တက္ကသိုလ်ပထမနှစ် ( သူငယ်ချင်းများမရသေးခင် )

တက္ကသိုလ်တက်ရန်အတွက် ရန်ကုန်မြို့သို့ သံသေတ္တာကြီးတစ်လုံးသယ်လာခဲ့သည်။ သံချေးမတက်စေရန် ရွာမှ အစ်ကိုအကြီးဆုံးက သဘောင်္ဆေး အစိမ်းရင့်ရောင်ကို အတွင်းရော၊ အပြင်ပါ သုပ်ပေးထား၏။ အပေါ်အဖုံးပေါ်တွင် ကျွန်တော်နံမည်ကို အနက်ရောင်စာလုံးကြီးများဖြင့်လည်း ရေးပေးထား၏။ ကျွန်တော့်ကို ရန်ကုန်သို့ လိုက်ပို့ပေးသော အဖေလည်း ရွာသို့ ပြန်တော့မည်ဖြစ်သည်။

ဆယ်ပေပတ်လည် အခန်းလေးထဲတွင် ရခါစ အစ်ကိုလတ်တို့ ဇနီးမောင်နှံနှင့်အတူ နေကြာရိုးတစ်ယောက်ကျန်ခဲ့တော့မည်ဖြစ်၏။
ကျန်ခဲ့တော့မည်မို့စိတ်ထဲတွင်တော့ မကောင်းလှ။ အဖေ့ကိုတော့ စိတ်ချဖို့ စာတွေကြိုးစာမည့်အကြောင်း ရွာကိုလည်း မြိုင်ကနေတစ်ဆင့် ဖုံးချိန်းပြီး ပြောမည့်အကြောင်း ပြောပြလိုက်၏။

အဖေရွာသို့ ပြန်သွားပြီးသည့်နောက်ရက်များတွင် အိမ်ကိုလွမ်းတိုင်း ရွာမှ ပါလာသော သံသေတ္တာကြီးကို ခဏခဏဖွင့်ကြည့်မိသည်။ တက္ကသိုလ်တက်လျှင်ဝတ်ရန်ဆိုပြီး အမေထည့်ပေးလိုက်သော ချုပ်ပြီးသား စီလွန်လက်ရှည်အင်္ကျီနှစ်ထည်၊ အဋ္ဌမတန်း ကျောင်းသားဘ၀ကအမေချုပ်ပေးသော တက်ထရွန်အကွက်လက်တိုအင်္ကျီတစ်ထည်၊ အစ်ကိုမင်္ဂလာဆောင်တုန်း ၀ယ်ချုပ်ထားသည့် အင်္ကျီလက်တိုတစ်ထည်၊ န၀မတန်းကျောင်းသားဘ၀တုန်းက သူငယ်ချင်းများနှင့်ဆင်တူချုပ်ထားသော ဒွေးကွက်ဆိုသည့် အကွက်အင်္ကျီတစ်ထည် နှင့် စီလွန်ပုဆိုးသုံးထည်၊ ရွာအလယ်တန်းကျောင်းမှ ကျောင်းသားများ ကန်တော့လိုက်ကြသော ချည်ချောပုဆိုးတစ်ထည် ကို သေတ္တာလေးထဲတွင် ကြည့်ပြီး နောက်နေ့ ကျောင်းသွားတက်ရမည်ကို တွေးရင်း စိတ်လှုပ်ရှားနေမိသည်။ ။

သံသေတ္တာထဲ၌ ရေးလက်စ ဒိုင်ယာရီစာအုပ်လေးနှင့် စုထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် တစ်ဆယ်တန်၊ ငါးကျပ်တန်၊ တစ်ကျပ်တန် စက္ကူလေးများနှင့် အင်္ဂလိပ်သဒ္ဒါစာအုပ်လေးနှစ်အုပ်လည်းရှိ၏။ ကွန်ပါဗူးလေးတစ်ဗူးလည်း သေတ္တာတစ်နေရာတွင် စာအုပ်လေးများနှင့်အတူ စီစီရီရီရှိနေ၏။

နောက်နေ့တွင် တက္ကသိုလ်တက်ရမည်ဆိုသည့်စိတ်ဖြင့် ဗလာစာအုပ်များ၊ ကို သေချာစွာ နာမည်ရေးပြီး စိုင်းပြင်းနေမိ၏။ အမည်သည် ထိုစဉ်က ဆေးဘက်ပညာသည်တက္ကသိုလ်ဖြစ်၏။ ဆေးဝါးကျွမ်းကျင်တက္ကသိုလ်နှင့် အတူတူ။ တစ်ချို့စာသင်ချိန်များကို ကပ်လျက်ဖြစ်သော လိပ်ခုံးဟု ခေါ်ဆိုသည့် ဆေးတက္ကသိုလ်(၁) တွင် သွားပြီး သင်ကြရ၏။ လက်တွေ့သင်ခန်းစာများကို ဆေးတက္ကသိုလ်(၁)တွင် သွား၍ သင်ယူကြရသည်။ စာသင်ပေးသော ဆရာ၊ဆရာမများမှာဆေးတက္ကသိုလ်(၁)မှ ချည်းဖြစ်၏။ သို့သော် ခြံဝန်းကျဉ်းလှသော်လည်း မိမိတက္ကသိုလ်၏ မြေတိုက်အဆောက်အဦးနိမ့်လေးများတွင်သာ ပျော်မိသည်။ ကပ်လျက်ဖြစ်သော ခမ်းနားလှပသည့် ဆေးတက္ကသိုလ်တွင် သွားရတိုင်း စိတ်ထဲတွင် အလွန်ကျဉ်းကြပ်နေမိသည်။

ကျောင်းတက်ရင်း ထမင်းဗူးထည့်ရန် သုံးဆင့်ဂျိုင့် အလတ်တစ်လုံး အစ်ကိုလတ်ဝယ်ပေး၏။ စိတ်ထဲတွင်တော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုသို့ တက်ရမည်မို့ စိတ်ဝင်စားပျော်နေသော်လည်း အသားမည်းမည်း၊ အသံကျယ်ကျယ်ဖြင့် မ၀တ်တတ်၊ မစားတတ် နှင့် နေကြာရိုးအဖို့ အလွန်ကြောက်ရွံ့နေမိ၏။

မြောက်ဒဂုံမှ ဆယ့်နှစ်လုံးတန်းထိ ဘီအမ် နံပါတ် (၃၆)ဖြင့်တစ်ဆင့်၊ ဆယ့်နှစ်လုံးတန်းမှ ရန်ကုန်တက္ကသိုလ် ကျောင်းရှေ့မှတ်တိုင်ထိ (၄၂) ဟိုင်းလတ်စ်လေးဖြင့်တစ်ဆင့် ကားခ အသွားဆယ့်ငါးကျပ်၊ အပြန်ဆယ့်ငါးကျပ်ဖြစ်၏။ တစ်နေ့တစ်နေ့အင်္ကျီဘေးအိတ်ထဲ၌ ၅၀ သာထည့်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်အနီး ကျောင်းရှေ့မှတ်တိုင်၌ ဆင်းပြီးလျင် တက္ကသိုလ်ရိပ်သာလမ်းကိုကူးရသေးသည်။ နောက် သထုံလမ်းသို့ လမ်းလျှောက်ပြီး ကျောင်းသို့ သွားရ၏။ တစ်ချို့နေများတွင် ဆင်းရမည့်နေရာကို သေချာမသိသေးသောကြောင့် လှည်းတန်းဈေးရှေ့ထိပါသွားပြီး တက္ကသိုလ်ရိပ်သာလမ်းအတိုင်းပြန်လျှောက်ရပြန်သည်။ သမိုင်းသို့၊ မြို့ထဲသို့ ရှစ်မိုင်သို့ ၊ တက္ကသိုလ်ရိပ်သာလမ်းသို့၊ လှည်းတန်းဆေးဘက်သို့ ဆိုသည့် ထိုလမ်းများဆုံရာ လှည်းတန်း မီးပွိုင့် ကူးရမည်ကို အသက်ရှူမေ့မတတ်လည်း ကြောက်မိ၏။

သားရေဖိနပ်ကိုစီးလျက် စီလွန်ချည် လက်ရှည်အင်္ကျီအကွက်နှင့် ပုဆိုးကို ခြေသလုံးအလယ်လောက်ထိ ၀တ်ထား၏။ သိုးမွှေးလွယ်အိတ်ကို ဘေးမှာလွယ်လျက် ထမင်းချိုင့်ကို လက်မှာဆွဲလျက် ရှေ့နီးနီးကိုသာ ငုံ့ကြည့်ပြီး လမ်းတည့်တည့်ကိုသာ ခြေလှမ်းကျယ်ကျယ်ဖြင့် နေ့တိုင်းလိုလိုသွားနေသည်က နေကြာရိုး အမည်ရှိကျွန်တော်။

ကျောင်းဝန်းသည် နယ်မှ အထက်တန်းကျောင်းမျှ မကျယ်လှ။ အဆောက်အဦးများမှာလည်း နယ်တွင် ဆယ်တန်းထိတက်ခဲ့သော အထက်တန်းကျောင်းရှိ အဆောက်အဦးများလောက် မမြင့်လှပေ။ မြေတိုက် စာသင်ဆောင်များတွင် ခုံတန်းရှည်ကြီး သုံးတန်းစီဖြင့် ဆေးဘက်ပညာသည်တက္ကသိုလ်ကျောင်းသားများ နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်ကျောင်းသားတို့ ပထမနှစ်တွင် အတူတစ်ခန်းတည်း စာသင်ကြရသည်။ မိန်းကလေးများသောကြောင့် လေဒီ အင်စတီကျု ဟု သူများတွေပြောသံကိုလည်း ကြားရ၏။

တွေ့မြင်သမျှ မိန်းကလေးလိုလိုသည်လည်း ရုပ်ရှင်ထဲတွင်မြင်ဖူးသော သူများကဲ့သို့ပင်။ တောမှ ဆယ်တန်းအောင်လာသည်ကလည်းကောင်း၊ ခေတ်ရေစီးကျောင်းနှင့်အတော်ဝေးကွာလှသော ဧရာအနောက်ခြမ်း တောကျလှသောဒေသမှ လာခဲ့ရသောကြောင့်တစ်ကြောင်း အတန်းတူ သူငယ်ချင်းများကို ကြည့်ပြီး နှုတ်ဆက်ဖို့ပင် မ၀ံ့မရဲခဲ့ဖြစ်နေ၏။

နေကြာရိုး တို၏ ပထမနှစ်တွင် မိန်းကလေးနှစ်ရာနီးပါးရှိမည်ထင်၏။ ကျောင်းသားဦးရေမှာ ဆေးဘက်နှင့်ဆေးဝါးပေါင်းမှ ဆယ့်ငါးယောက်သာရှိ၏။ တောင်ကြီးမှ နှစ်ယောက်၊ အင်းလေးမှ တစ်ယောက်၊ သူတို့ကတော့ ၀တ်စားအနေအထိုင် ခေတ်အတော်မှီကြ၏။ ဇီးကုန်းမှ နှစ်ယောက်၊ မင်းလှမှ တစ်ယောက်၊ မြန်အောင်မှ တစ်ယောက်၊ ဖျာပုံမှတစ်ယောက်၊ မုဒုံမှ နှစ်ယောက်၊ ထားဝယ်မှ တစ်ယောက်၊ ဘားအံမှတစ်ယောက်၊ စလင်းမှတစ်ယောက်၊ မြိုင်မှ ကျွန်တော် နှင့် ရန်ကုန်မှ တစ်ယောက်ဖြစ်သည်။

ယောက်ျားလေးအများစုမှာ ရှပ်အင်္ကျီ၊ ပုဆိုးနှင့် သိုးမွှေးလွယ်အိတ်၊ ကချင်လွယ်အိတ်များနှင့် ကျောင်းလာကြ၏။ မိန်းကလေးအများစုမှာလည်း ထဘီကိုပင်ဝတ်ကြ၏။ သို့သော် ဒီဇိုင်းလှလှ အင်္ကျီများဖြင့် ရိုးရိုးယဉ်ယဉ်လေးများ ဖြစ်ကြလေသည်။ စကပ်တို၊ ဘောင်ဘီရှည်ဝတ်သူ မရှိလှ။ အားလုံးမှာ သပ်သပ်ရပ်ရပ်ဖြင့် ခေတ်ဆန်ဆန်လေးများ ဖြစ်ကြ၏။ ချည်ထဘီနှင့် ရင်ဖုံးအင်္ကျီဝတ်ဆင်သည်ကို မြင်လာခဲ့သော နေကြာရိုးတစ်ယောက် ရုပ်ရှင်ဇတ်လမ်းများထဲမှ တောသားမြို့တက်ပြီး ကျောင်းတက်သော ဇာတ်လမ်းများကိုလည်း မြင်ယောင်နေမိ၏။

ကိုယ့်ကိုယ်လည်း ကြည့်ပြီး ရယ်ချင်နေမိ၏။ တစ်ချို့နေ့များတွင် အင်္ကျီပြာ၊ ပုဆိုးပြာနှင့် တစ်ချို့နေ့များတွင် ပုဆိုးပြာ အင်္ကျီစိမ်းနှင့် ရှိသောလေးငါးထည်ကိုသာ လှည့်ပတ်နေသည်မို့ တစ်ခါတစ်ခါ မောင်ရင်လာ မဲပြာပုဆိုးဖြစ်ရသည်ချည်း။ မြောက်ဒဂုံမှ အစ်ကိုလတ်တို့နှင့်နေရသည့် ဆယ်ပေပတ်လည်အခန်းလေးတွင်လည်း လျှပ်စစ်မီး တစ်စုံတစ်ရာမရှိ။ ကြေးမီးပူကြီးနှင့် မရီး ထမင်းချက်အပြီး ကျန်သော မီးသွေးကို ၀ီရိယထားပြီး အမှီယူရသေးသည်။ တစ်နေ့တစ်နေ့ ၀တ်ရမည့်အ၀တ်အစားကို တကုတက မီးပူတိုက်ရသေး၏။

ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဓါတုဗေဒ၊ မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာတို့ကို ဆေးဘက်နှင့် ဆေးဝါး အတူသင်ကြရသည်။ရူပဗေဒ၊ နှင့် သင်္ချာအချိန်တို့တွင်သာ ဆေးဘက်မှ ယောက်ျားလေးဆယ့်တစ် ယောက်နှင့် မိန်းကလေးငါးဆယ်ငါးယောက်ခန့်သာ ကျန်တော့၏။ တစ်ချိန်နှင့်တစ်ချိန်ပြီးလျှင် အများစုမှာ အနီးအနားကန်တီးန်သို့ သွားကြ၏။ စားစရာများကြွပ်ကြွပ်အိပ်လေးများနှင့်ဝယ်လာကြလျက် ငါးယောက်တစ်အုပ်စု၊ လေးယောက်တစ်အုပ်စု၊ နှစ်ယောက်တွဲ စသည်ဖြင့် အဖွဲ့လိုက် လွယ်အိတ်လေးများနှင့် သထုံလမ်း ဘီအိုစီကောလိပ်ဟောင်းဖြစ်သည့် ဆေးဘက်ပည်ာသည်နှင့် ဆေးဝါးကျွမ်းကျင်တက္ကသိုလ်လေးတွင် လူတရုန်းရုန်းဖြင့် စီကားနေလေ၏။ သထုံလမ်းပေါ်ရှိ ခရေတန်းများနှင့် ပိတောက်ပင်အိုကြီးများမှာ မျက်နှာစိမ်းဖြင့်ရောက်လာသော ကျောင်းသား၊ကျောင်းသူ တို့ကို ရင်းနှီးစွာ ကြိုဆိုနေသယောင်ယောင်။

ထိုစဉ်က အအေးတစ်ခွက် ငါးဆယ်ဖြစ်၏။ လက်ဘက်ရည်တစ်ခွက် သုံးဆယ်ဖြစ်၏။ တစ်လကို ငါးထောင်မှ တစ်သောင်းကို ရွာမှ ကဗြစ်ကညစ် ပို့ပေးနေရသည်မို့ တစ်နေ့ကို အသွားအပြန်ကားခ သုံးဆယ်သာ သုံးဖြစ်တော့သည်။

သူငယ်ချင်းတစ်စုံတစ်ယောက်မျှမရှိသေးသော နေကြာရိုးတစ်ယောက် ပါလာသော ထမင်းသုံးဆင့်ချိုင့်မှ မနက်စာသင်ချိန်တစ်ချိန်ပြီးလျှင် ပထမ ထမင်းတစ်ဆင့်နှင့် ဟင်းတစ်ဆင့်မှ တစ်ဝက်နှင့်မနက်စာတီးလိုက်၏။ နေ့လည်ဆယ့်တစ်နာရီခွဲနောက်ပိုင်းတွင်မှ ကျန်သော ထမင်းတစ်ချိုင့်နှင့် ကျန်သောဟင်းကျန်ဖြင့် တီးလိုက်ပြန်၏။ ပြီးလျှင် ဆိတ်ငြိမ်မည့် ကျောင်းဆောင်များကြားမှ အပင်တစ်ပင်အောက်သွားပြီး ဆရာမပေးလိုက်သော ဟန်းနုတ်စ်ကို ယူကာ သွားဖတ်ရင်း အမေတို့အဖေတို့နှင့် နယ်ကိုပင် စိတ်ကရောက်နေ၏။

အဆောင်များအကြား ဒညင်းပင်အောက်မှ ရေတွင်းဟောင်းကြီးဘေးတွင် ခုံပုလေးတစ်ခုရှိ၏။ ထိုခုံပုလေးတွင် နားချိန်တိုင်း စာလာကြည့်သော ကျွန်တော့်အား တစ်ချို့သူများက လမ်းဖြတ်ရင်း နေကြာရိုးအားကြည့်ပြီး တီးတိုးပြောပြော သွားကြသေး၏။

ရန်ကုန်မြို့ကြီးတွင် တက္ကသိုလ်လာတက်သော ကျွန်တော့်အဖို့ ခေတ်လည်းမမှီ၊ သူငယ်ချင်းလည်းမရှိ၊ အရာအားလုံးသည်လည်း စိမ်းနေသည်မို့ အသားမည်းမည်း၊ ပုဆိုးတိုတိုဝတ်တတ်သည့် နေကြာရိုးတစ်ယောက် ဆရာမစာသင်အပြီး တစ်ချို့နေ့များတွင် အပြင်မသွားဘဲ ခုံပေါ်တွင် လက်တင်ခေါင်းမှောက်ပြီး နောက်ဆရာမလာခင်ထိ စောင့်အိပ်ဖြစ်ခဲ့သည်ချည်း။

သူငယ်ချင်းများဖြစ်ပြီးကြသော တစ်ချို့အုပ်စုများကဖြင့် စကားဖောင်ဖွဲ့နေကြသည်။ အပြန်တွင် အဆောင်အတူနေသူငယ်ချင်းများ၊ အစတည်းက ခင်ပြီး သူငယ်ချင်းများက စုစုရုံးရုံး ပြန်ကြသည်။ သူငယ်ချင်း တစ်စုံတရာ မရှိသေးသော နေကြာရိုးအဖို့ တစ်ယောက်တည်း စိုက်စိုက်စိုက်စိုက် ဖြင့် ပြန်ရသည်ချည်းပင်။ လွှမ်းမိုးသီချင်းထဲ၌ပါသော ရန်ကုန်တက္ကသိုလ်ကြီး ၏ အဓိပတိလမ်းမကြီးကို လျှောက်ကြည့်ရင်း သစ်ပုပ်ပင်ကြီး ရှိရာဆီသို့ သွားသည့်နေများလည်းရှိခဲ့လေသည်။ သစ်ပုပ်ပင်ကြီးနှင့် လည်းဓါတ်ပုံရိုက်လိုက်သေးသည်။ ကံ့ကော်ပင်အောက်က ခုံပေါ်လည်း ထိုင်ကြည့်လိုက်သေးသည်။ စကားပြောဖို့ သူငယ်ချင်းမရှိသေးသော်လည်း အတိတ်သမိုင်းများထဲမှ ကြားသိဖူးထားသော ရန်ကုန်တက္ကသိုလ် နယ်မြေထဲမှ နေရာများကို သွားကြည့်ရင်း အတိတ်သမိုင်းများကို မြင်ယောင်ရင်း အဓိပတိလမ်းမကြီးကို ပထမဆုံးရောက်ရင်းလျှောက်ရင်းဖြင့်..........


ဆက်ပါအုံးမည်....
စာလာဖတ်ကြသော သူငယ်ချင်းများကို အစဉ်ခင်မင်လေးစားလျက်
နေကြာရိုး

No comments:

Post a Comment